စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – မတ်လ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ မတ်လ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၇၂၀) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၅၀၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားသည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၂၄၆) ဦးရှိပြီး ထိုအထဲမှ (၂၀၁၁၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၈၄၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

မတ်လ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၃) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၆) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၆၁၃၂) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ၊ တိုင်းရင်းသားခုခံကာကွယ်ရေးတပ်များကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် စစ်အုပ်စုမှ စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ပြည်သူ အရေအတွက်မှာ တိုးမြင့်လာပြီး လူသားချင်းစာနာထောက်ထားသည့် အကူအညီများ လိုအပ်လျက်ရှိသည်။

စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိသော စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ချင်းပြည်နယ်ရှိ မင်းတပ်မြို့နယ်၊ စစ်ကိုင်းတိုင်းရှိ ကလေးမြို့နယ်နှင့် ကျွန်းလှမြို့နယ်၊ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နယ်၊ မြောက်ဦးမြို့နှင့် မင်းပြားမြို့နယ်၊ ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီးမြို့နယ် အပါအဝင် အရပ်သားများ နေထိုင်ရာဒေသများ၌ အသက်မပြည့်သေးသည့် ကလေးငယ်များနှင့် ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိကြသည့်အပြင် ရှမ်းပြည်နယ်ရှိ ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြိုနယ်၊ စစ်ကိုင်းတိုင်းရှိ ဝက်လက်မြို့၌ ဘာသာရေးအဆောက်အဦနှင့် နေအိမ်များ ပျက်စီးခဲ့ပြီး အရပ်သားများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။ 

ပြီးခဲ့သည့် သတင်းပတ်အတွင်း ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော် အပါအဝင် တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မကွေး တိုင်း၊ မွန်ပြည်နယ်၊ ဧရာ၀တီတိုင်း၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ စစ်အုပ်စုမှ ဖွဲ့စည်းထားသည့် ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များနှင့် ၎င်းတို့၏ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းရန် လူဦးရေစာရင်းများ ကောက်ခံပြီး မဲနှိုက်ရွေးချယ်ကာ တချို့ပြည်နယ်နှင့် တိုင်းများတွင် စတင်ဆင့်ခေါ်နေကြသည့်အပြင် တိမ်းရှောင် ထွက်ပြေးလျှင် မိသားစုဝင်များ အစားထိုးရမည်ဟု ဖိအားပေးခြိမ်းခြိမ်းမှုများလည်း ရှိနေသောကြောင့် ပြည်သူများကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် အဆိုပါကာလအတွင်း စစ်အုပ်စု၏ လက်ချက်ဖြင့် ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက ဖော်ပြပါ doc_data_team@aappb.org အီးမေးလ်သို့ တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း