စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်


ရက်စွဲ – အောက်တိုဘာ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက် ၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ အောက်တိုဘာ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၅၂၈) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက် စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၂၁၄၆) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်း ခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၅၀၄၀) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၇၃၂) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတဝန်း အကျဉ်းထောင်များ၌ ထိန်းသိမ်း ချုပ်နှောင်ခြင်း ခံထားရသော နိုင်ငံရေးအကျဉ်းသားများအား ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖိနှိပ် ညှဉ်းပန်းမှုများကို ရည်ရွက်ချက်ရှိရှိ လုပ်ဆောင်လျက်ရှိသည်။ ၂၀၂၆ ခုနှစ်အတွင်းတွင် နိုင်ငံရေးအကျဉ်းသား (၈) ဦးသည် အချိန်မီ ဆေးကုသမှုမရရှိခြင်းနှင့် လုံလောက်သော ဆေးကုသမှုမရရှိခြင်းတို့ကြောင့် သေဆုံးခဲ့ခြင်းကလည်း ထိုအခြင်းအရာကို မီးမောင်းထိုး ပြသလျက်ရှိသည်။
ထို့အပြင် စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဘက်အဆောက်အအုံများနှင့် စစ်ဘေးရှောင် ပြည်သူများကိုပါ ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်လျက်ရှိရာ အောက်တိုဘာလပထမအပတ်အတွင်း ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများနေထိုင်လျက်ရှိသည့် အောင်ဖြူပြင်ကျေးရွာ နှင့် “ဗျာလ”နှင့် “ပန်းနီလာ” စစ်ဘေးရှောင်စခန်းများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ဘေးရှောင် ရှစ်ဦးဝန်းကျင် သေဆုံးခဲ့ပြီး စစ်ဘေးရှောင် ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ အလားတူ အောက်တိုဘာ ၁၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ မဟာစည်ကျောင်းတိုက်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းတိုက်အတွင်း ခေတ္တခိုလှုံနေသည့် စစ်ဘေးရှောင် နှစ်ဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ဓမ္မာရုံ၊ ရိပ်သာဆောင် စသည့် သာသနိက အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
