စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – အောက်တိုဘာ ၅ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက် ၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ အောက်တိုဘာ ၅ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၄၇၉) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက် စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၂၀၅၄) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်း ခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၉၃၁) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၇၇၇) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။

စက်တင်ဘာလအတွင်းတွင် အကြမ်းဖက်စစ်အုပ်စုသည် တိုင်းနှင့်ပြည်နယ်တချို့၌ နွေဦးတော်လှန်ရေးနှင့် ဆက်စပ်မှုရှိသည်ဟူသော အကြောင်းပြချက်ဖြင့် အရပ်သားပြည်သူများကို တရားလက်လွတ်ဖမ်းဆီး မှုများကို ကျူးလွန်ခဲ့သည်။ စက်တင်ဘာလ ၁၇ ရက်နေ့က ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ တွင်နေထိုင်သည့် ဒေသခံပြည်သူ နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ကုန်များ သယ်ယူ၊ သိုလှောင်ပေးနေသည်ဟုစွပ်စွဲကာ ဖမ်းဆီးခဲ့သလို စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ သင်္ကန်းတောကျေးရွာမှ ပြည်သူ တဦးကို တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့သည်။

ထိုကဲ့သို့ ဖိနှိပ်မှုများအပြင် စက်တင်ဘာလနောက်ဆုံးအပတ်မှစတင်၍ တနင်္သာရီတိုင်း၊ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းနှင့် ရေဖြူမြို့နယ်များတွင် ဆိုးရွားပြင်းထန်သော ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် လူပေါင်း ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့ပြီး အရေးပေါ်အကူအညီများ လိုအပ်နေချိန်တွင် အကြမ်းဖက်စစ်အုပ်စုက သဘာဝဘေးဒဏ်သင့် ပြည်သူများထံသို့ ပရဟိတနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့များ သွားရောက်မှုကို တားဆီးပိတ်ပင်ခြင်း၊ စစ်ဆေး ဖမ်းဆီးခြင်းစသည့် လူမဆန်သည့် လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။ ထို့အပြင် အရပ်သားပြည်သူများနေထိုင်ရာ နေရာများကိုလည်း မြေပြင်မှ စစ်ကြောင်းထိုးခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လျက်ရှိသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩