စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်


ရက်စွဲ – စက်တင်ဘာ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက် ၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၄၂၇) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက် စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၉၇၆) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်း ခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၈၄၇) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၅၆) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၅ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးနောက် သေဆုံးခဲ့သည့် အမျိုးသမီး (၂၁) ဦးနှင့် အမျိုးသား (၈၅) ဦး၊ စုစုပေါင်း (၁၀၆) ဦးကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေး (၁၇) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူ (၁၀၆) ဦးအနက် မကွေးတိုင်းမှာ (၃၇) ဦးမှာ သေဆုံးမှု အများဆုံးဖြစ်ပြီး ပဲခူးတိုင်းမှာ (၃၄) ဦးမှာ ဒုတိယအများဆုံး သေဆုံးခဲ့သည်။ အဆိုပါကာလအတွင်း အတည်ပြုရန်လိုအပ်နေဆဲ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် သေဆုံးခဲ့သည့် အရပ်သား (၁၅၅) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ဩဂုတ်လ ၂၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့၌ Pa Do Sian Mang သည် ကုန်ပစ္စည်းများ သွားရောက်ပို့ဆောင်စဉ် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် စစ်ကြောရေး၌ ပြင်းထန်စွာ ရိုက်နှက်ခြင်းခံခဲ့ရသောကြောင့် သေဆုံးခဲ့သည်။ ၎င်း၏ရုပ်အလောင်းကို မိသားစုက ပြန်လည်ရရှိခဲ့သည်။ Pa Do Sian Mang သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဟေလေးကျေးရွာမှ ဒေသခံတဦးဖြစ်ပြီး ကလေးမြို့တွင် အငှားယာဉ်မောင်းလုပ်ကိုင်နေသူဖြစ်သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
