အေအေပီပီမှ နိုဝင်ဘာလအတွက်လစဉ်သတင်းလွှာ
[pinterest-gallery columns=”4″ images=”12756″ adjust=”yes”]
ဟောပြောဆွေးနွေးပွဲများပြုလုပ်ခြင်း

ဟောပြောဆွေးနွေးပွဲများပြုလုပ်ခြင်း
မိမိကိုယ်ကိုမိမိစောင့်ရှောက်ခြင်းနှင့် စိတ်ဓာတ်ခွန်အားမြှင့်တင်ရေး ဟောပြောပွဲများ ပြုလုပ်ခြင်း
သင်တန်းပို့ချခြင်း
Naushawng Development Institute (NDI)မှ သင်တန်းသားများကို အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု အခြေခံသင်တန်း ပို့ချခြင်း
The Wings Institute မှ သင်တန်းသူ/သားများကို အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း ပို့ချခြင်း
လူ့အခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း၊ ဒစ်ဂျစ်တယ်လုံခြုံရေး၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု နှင့် တိုင်ကြားမှုယန္တရား သင်တန်းပို့ချခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ လူ့အခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်း တင်ခြင်း၊ ဒစ်ဂျစ်တယ်လုံခြုံရေး၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု နှင့် တိုင်ကြားမှုယန္တရားသင်တန်းကို အွန်လိုင်းမှ တစ်ဆင့် နိုဝင်ဘာလ ၁၇ ရက်နေ့ မှ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ (၁၂) ရက်တာ ပို့ချပေးခဲ့သည်။ သင်တန်း၌ သင်တန်းနည်းပြများအဖြစ် ကိုဝဏ္ဏနွယ် နှင့် ကိုကျော်ဦးတို့မှ သင်တန်းပို့ချပေးခဲ့သည်။ သင်တန်းကို သင်တန်းသူ (၁၁) ဦးနှင့် သင်တန်းသား (၄) ဦး၊ စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် တအာင်းကျောင်းသား နှင့် လူငယ်သမဂ္ဂ (TSYU)၊ အောက်မြန်မာပြည် ကချင်နှစ်ခြင်းခရစ်ယာန်အသင်း၊ တအာင်း အမျိုးသမီးအဖွဲ့အစည်း (TWO)၊ Wa Baptist Conversation Omega Clinic၊ ရွက်စိမ်းနု၊ ဝလူငယ်၊ ဝမစ်ရှင်ကျောင်း၊ ခေတ်အလင်းရောင်အသင်း၊ ဟင်္သာတ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ဟင်္သာတတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ နှင့် စိတ်ထားဖြူ-အောက်ဆီဂျင် တို့မှ အဖွဲ့ဝင်များ နှင့် ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည်။ ထို့ပြင် သင်တန်း တက်ရောက်သူများသည် ဗမာ၊ ဝ၊ တအာင်း၊ ကချင်၊ ချင်း၊ ရှမ်း နှင့် ရှမ်း-ဗမာ တိုင်းရင်းသားများ ဖြစ်ကြသည်။
သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေး မြှင့်တင်ရန် နှင့် အသိပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းဖြစ်သည်။
အကျဉ်းထောင်များသို့ လှူဒါန်းခြင်း
Figure 3 COVID-19 ကာကွယ်ရေးပစ္စည်းများကို အကျဉ်းထောင်များသို့ လှူဒါန်း
COVID-19 ကာကွယ်ရေးပစ္စည်းများကို အကျဉ်းထောင်များသို့ လှူဒါန်းခြင်း

ထောက်ပံ့ကူညီခြင်း
နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ထောက်ပံ့ကူညီခြင်း
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ အကျဉ်းထောင်တွင်း အကျဉ်းကျလျက်ရှိသည့် နိုင်ငံရေးအကျဉ်းသားများနှင့် ကျန်းမာရေးကောင်းမွန်ခြင်း မရှိသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ဆက်လက် ထောက်ပံ့ ကူညီပေးလျက်ရှိသည်။ နိုဝင်ဘာလအတွင်းတွင် မန္တလေးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၅ ဦး၊ ပဲခူးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား နှစ်ဦး၊ စစ်တွေ အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား တစ်ဦး၊ ပုသိမ် အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား တစ်ဦး၊ မော်လမြိုင် အကျဉ်းထောင်မှ တစ်ဦး နှင့် လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား တစ်ဦး၊ စုစုပေါင်း (၂၁) ဦး နှင့် မန္တလေး အကျဉ်းထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရသူ နှစ်ဦးတို့ကို ကျန်းမာရေးအတွက် ထောက်ပံ့ကူညီခဲ့သည်။ ထို့ပြင် နှလုံး၊ လေဖြတ် နှင့် ဆီးချိုရောဂါခံစားနေကြရသော နိုင်ငံရေး အကျဉ်းသားဟောင်း လေးဦးကို ထောက်ပံ့ ကူညီခဲ့သည်။
အောက်တွင် ဇယားနှင့်တကွ ဖော်ပြထားပါသည်။
မှတ်တမ်းနှင့်သုတေသန
လစဉ်အစီရင်ခံစာ၊ နိုင်ငံရေးအကျဉ်းသားစာရင်းများ နှင့် အေအေပီပီသတင်းလွှာကို ထုတ်ဝေခြင်း
မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးအခြေအနေများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လယ်သမားများ၊ အလုပ်သမား များ နှင့် အရပ်သားများ လစဉ် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံရသည်ကို စောင့်ကြည့် မှတ်တမ်းတင်ရန် ရည်ရွယ် ၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ လစဉ် အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်းကို ထုတ်ဝေလျက်ရှိသည်။ နိုဝင်ဘာလ ၆ ရက်နေ့တွင် အောက်တိုဘာလအတွက် လစဉ်အစီရင်ခံစာ နှင့် နိုင်ငံရေး အကျဉ်းသား စာရင်းကို ထုတ်ဝေခဲ့ သည်။
ထို့ပြင် AAPP အဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရ ဌာနဆိုင်ရာ အရာရှိများ၊ နိုင်ငံတကာမှ သံအမတ်များ၊ NGOs, CBOs စသည့်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံဆွေးနွေးမှုများ၊ ဟောပြောဆွေးနွေးပွဲများ နှင့် နှစ်သိမ့်ဆွေးနွေးပေးခြင်း နှင့် သင်တန်းများ ပို့ချပေးခြင်း စသည့် လှုပ်ရှား ဆောင်ရွက်မှုများကို AAPP သတင်းလွှာ၌ လစဉ် ဖော်ပြထားသည်။ နိုဝင်ဘာလ ၆ ရက်နေ့တွင် အောက်တိုဘာလ အတွက် သတင်းလွှာကို ထုတ်ဝေခဲ့သည်။
https://aappb.org/wpcontent/uploads/2020/11/Burmese-Chronology-and-MiR-for-October-torelease-to.pdf
https://aappb.org/wpcontent/uploads/2020/11/October-Chronology-1.pdf
ကိုဗစ်-၁၉ သတင်းလွှာပြုစုခြင်း
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကိုဗစ်ကာလနှင့်ဆက်နွယ်၍ ဖြစ်ပွားခဲ့သော အမှု ဖြစ်စဉ်များပါဝင်သည့် ကိုဗစ်-၁၉ သတင်းလွှာကို ဧပြီလ ကတည်းက စတင်၍ မှတ်တမ်းတင် ပြုစုလျက်ရှိသည်။ အောက်တိုဘာလ ကိုဗစ်သတင်းလွှာ နှင့် ကိုဗစ်ကာလအတွင်း သတ်မှတ်ထားသော စည်းကမ်းများကို ချိုးဖောက်၍ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသော စာရင်းများကို နိုဝင်ဘာလ ၆ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။
https://aappb.org/wpcontent/uploads/2020/11/Final-COVID-19-News-Letter-in-OctoberBurmese.pdf
https://aappb.org/wpcontent/uploads/2020/11/Final-COVID-19-News-Letter-in-October-English.pdf
အထွေထွေလှုပ်ရှားမှုများ
ကူညီထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းရာ၌ ပူးပေါင်းပါဝင်ခြင်း
နိုဝင်ဘာလ ၃ ရက်နေ့ နှင့် နိုဝင်ဘာလ ၄ ရက်နေ့တို့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် ၈၈ ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ကိုရီးယားနိုင်ငံရောက် မြန်မာမိသားစုများမှ လှူဒါန်း သည့် ကူညီထောက်ပံ့ရေးပစ္စည်းများကို ကျန်းမာရေးအရ လိုအပ်ချက်ရှိနေသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များ၌နေထိုင်သော နိုင်ငံရေးအကျဉ်းသားဟောင်းများထံသို့ သွားရောက် လှူဒါန်း ပေးခဲ့သည်။
စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်(MHAP)
ကိုဗစ်-၁၉ ဗိုင်းရပ် ကူးစက်မှုကာလအတွင်း အွန်လိုင်း စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှု အစီအစဉ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး ကူညီထောက်ပံ့မှု အစီအစဉ် (AAPP-MHAP)သည် အွန်လိုင်းစိတ်ပိုင်းဆိုင်ရာဆွေးနွေးမှု လုပ်ငန်းကို နိုဝင်ဘာလအတွင်းတွင်လည်း ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ နေရာဒေသအနှံ့အပြားမှ ဆက်သွယ် ဆွေးနွေးမှုများလည်း ပိုမိုများပြားလာခဲ့ပြီး လူမှုကွန်ရက်၊ ဗိုက်ဘာတို့မှတစ်ဆင့် ဆက်သွယ်မှုများလည်းရှိခဲ့သည်။ ဆက်သွယ်လာသည့်ဒေသများမှာ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ ကရင် စသည့် ပြည်တွင်းဒေသများမှ ဆက်သွယ် ဆွေးနွေးမှုများအပြင် ထိုင်းနိုင်ငံမှ ဆက်သွယ် ဆွေးနွေးမှုများလည်း ရှိခဲ့သည်။
အွန်လိုင်း စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှုလုပ်ငန်းသို့ ဆက်သွယ် ဆွေးနွေးသူများတွင် အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ NGO ဝန်ထမ်းများ၊ အမျိုးသမီး အိမ်ထောင်ဦးစီးများ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ ကွာရန်တင်းစင်တာများတွင် ကွာရန်တင်းဝင်နေကြသူများ၊ စေတနာ့ဝန်ထမ်း များနှင့် HIV ပိုးရှိသူများ စသည့် အမျိုးသား၊ အမျိုးသမီး အသက်အရွယ်စုံ ပါဝင်ပါသည်။ နိုဝင်ဘာလအတွင်းတွင် အမျိုးသား ၇၀ ဦး (အသက် ၂၀ နှစ်မှ ၇၂ နှစ်အတွင်း)၊ LGBTs လေးဦးအပါအဝင် အမျိုးသမီး ၉၂ ဦး (အသက် ၁၉ နှစ်မှ ၇၀ နှစ်အတွင်း) နှင့် တို့၏ ကိုဗစ်-၁၉ ကာလ စိတ်ဖိစီးမှုများ၊ စိတ်ပိုင်းဆိုင်ရာပြဿနာများ ကို ကူညီဖြေရှင်းပေး နိုင်ခဲ့ပါသည်။ ၎င်းတို့အနက် ကွာရန်တင်းစင်တာအသီးသီး၌ ကွာရန်တင်းဝင်နေကြသူ ၆၂ ဦးအား စိတ်ဖိစီးမှုများကို မည်ကဲ့သို့ ထိန်းညှိရမည် ဆိုသည်ကို တစ်ဦးချင်း ဆက်သွယ် ဆွေးနွေးပေးနိုင်ခဲ့သည်။
ထိုဆက်သွယ်လာသူများ၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ လက္ခဏာများမှာ –
* မိမိကိုယ်တိုင် သို့မဟုတ် မိမိချစ်ခင်ရသောသူများ၏ ကျန်းမာရေးအတွက် အမြဲမပြတ် စိုးရိမ်ပူပန်နေခြင်း၊ ကြောက်ရွံ့ နေခြင်း
* စိတ်ညစ်ခြင်းကို အချိန်များစွာ ခံစားနေရခြင်း
* စိတ်ထဲတွင် ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်းကို ခံစားနေ ရခြင်း
* အစားအသောက်နှင့် အိပ်စက်ခြင်းပုံစံပြောင်းလဲသွား ခြင်း
* အိပ်ပျော်ရန်နှင့် အာရုံစူးစိုက်ရန် အခက်အခဲရှိခြင်း
* အလွယ်တကူ စိတ်တိုခြင်း သို့မဟုတ် ဒေါသထွက်ခြင်း
* HIV ပိုးရှိသူများက အလွယ်တကူ ရောဂါကူးစက် ခံရမည်ကို စိုးရိမ်ပူပန်ခြင်း
* ကိုဗစ်-၁၉ ၏ရိုက်ခတ်မှုကြောင့် မိမိတို့သုံးစွဲနေရသော ART ဆေးများပြတ်လပ်သွားမည်ကို စိုးရိမ်ခြင်း
* အိမ်ထဲတွင် အချိန်ပေါင်းများစွာနေရသဖြင့် စိတ်တင်းကျပ်ခြင်း၊ မွန်းကျပ်ခြင်း၊ ဝမ်းနည်းမှုနှင့် စိတ်ဓာတ်ကျမှုကို ခံစားရခြင်း
* မိမိပုံမှန်စိတ်ဝင်စားသောအရာများကို စိတ်ဝင်စားမှု မရှိတော့ခြင်း စသည့် လက္ခဏာများကို ခံစားနေကြရ သည်ကို တွေ့ရပါသည်။
Tele-CETA ကောင်ဆယ်လင်းဝန်ဆောင်မှုစတင်ခြင်း
နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ CETA ကောင်ဆယ်လင်း အစီအစဉ်မှ စိတ်ဒဏ်ရာ၊ စိတ်ဓာတ်ကျခြင်း နှင့် အကြမ်းဖက်မှု များကြောင့် စိတ်ကျန်းမာရေးပြဿနာများကို ရင်ဆိုင်နေကြ ရ၍ CETA ကုထုံးကို လိုအပ်လျက်ရှိသူများကို Tele-CETA ကောင်ဆယ်လင်းဝန်ဆောင်မှုများ စတင်ပေးခဲ့သည်။ Tele-CETA သည် ကိုဗစ်-၁၉ ဖြစ်ပွားလျက်ရှိချိန် နှင့် ဖြစ်ပွားပြီးချိန်တို့၌ တစ်ဦးချင်း ဝန်ဆောင်မှုများပေးရာ၌ ပို၍ ကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်သည်။ အဝေးရောက် ကလိုင်းယန့်များ နှင့်/သို့မဟုတ် ကုသနေချိန်အတွင်း အခြား နေရာတစ်ခုသို့ ပြောင်းရွှေ့သွားခဲ့သော ကလိုင်းယန့်များအတွက် CETA ကောင်ဆယ်လင်းကို ပို့ချပေးနိုင်သည်။ Tele-CETA ကုထုံးကို နေရာဒေသအသီးသီးမှ အမျိုးသမီး ၂၆ ဦး နှင့် အမျိုးသား ၁၇ ဦးတို့အား ပို့ချပေးလျက်ရှိသည်။
AAPP ဝန်ထမ်းများကို စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှု ပို့ချခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင် နှင့် CETA သင်တန်းနည်းပြ မချယ်ရီစိုးမြင့်တို့သည် AAPP ၏ စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုပေးနေသူများအပါအဝင် AAPP ဝန်ထမ်းများအား စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှု (အွန်လိုင်း)ကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပို့ချပေးခဲ့သည်။ အဆိုပါ အသိပညာပေးမှုကို စုစုပေါင်း ၂၄ ဦး တက်ရောက်ခဲ့သည်။
“စိတ်ဖိစီးမှုကို ထိန်းညှိခြင်း၊ အခြေခံစိတ်ပိုင်းဆိုင်ရာ ကိုင်တွယ် ဖြေရှင်းမှု နှင့် မိမိကိုယ်ကို ဂရုစိုက်ခြင်း (Stress Management, Basic Coping skills and Self-care) သင်တန်း” ကို ပို့ချခြင်း

နိုဝင်ဘာလ ၁၁ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့ထိ၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှ နိုဝင်ဘာလ ၂၂ ရက်နေ့ထိ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအစီအစဉ် (MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင်သည် တအာင်းအမျိုးသမီး အဖွဲ့အစည်းမှ အဖွဲ့ဝင်များကို “စိတ်ဖိစီးမှုကို ထိန်းညှိခြင်း၊ အခြေခံစိတ်ပိုင်းဆိုင်ရာ ကိုင်တွယ်ဖြေရှင်းမှုနှင့် မိမိကိုယ်ကို ဂရုစိုက်ခြင်း (Stress Management, Basic Coping skills and Self-care) သင်တန်း”ကို အွန်လိုင်းမှတစ်ဆင့် ပို့ချပေးခဲ့သည်။ အဆိုပါ သင်တန်းကို သင်တန်းသူ ၁၉ ဦး တက်ရောက်ခဲ့သည်။
“ကိုဗစ်-၁၉ ကာလ၌ စိတ်ဖိစီးမှုများကို ထိန်းညှိခြင်း နှင့် မိမိကိုယ်ကိုဂရုစိုက်ခြင်းနှင့်ပတ်သက်သည့် ဗီဒီယိုများနှင့် ဆောင်းပါးကို”ထုတ်လွှင့်ခြင်း
နိုဝင်ဘာလအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေး အစီအစဉ် (AAPP-MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင်သည် “ကိုဗစ်-၁၉ ကာလ၌ စိတ်ဖိစီးမှုများကို ထိန်းညှိခြင်း နှင့် မိမိကိုယ်ကို ဂရုစိုက်ခြင်းနှင့်ပတ်သက်သည့် ဗီဒီယိုများ နှင့် ဆောင်းပါး”ကို အွန်လိုင်းမှ တစ်ဆင့် ထုတ်လွှင့်ခဲ့သည်။
အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက်ကြည့်ရှုနိုင်သည်။
https://www.facebook.com/634323476905777/videos/401907314180654
https://www.facebook.com/634323476905777/videos/699392821006681
အင်တာဗျူးများဖြေကြားခြင်း
အကျဉ်းထောင်များသို့ သွားရောက်လှူဒါန်းခြင်းနှင့်ပတ်သက်၍ အင်တာဗျူးများဖြေကြားခြင်း
နိုဝင်ဘာလ ၁၂ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်သည် မြေလတ်သတင်းစုံအဖွဲ့မှ ပြုလုပ်သည့် အင်တာဗျူး နှင့် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကမ္ဘောဇတိုင်းမ် သတင်းဌာနမှ ပြုလုပ်သည့် အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးအောင်မျိုးကျော် သည် ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်အတွက် အကျဉ်းထောင်များသို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ခြင်း နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။
အောက်ပါလင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။
လစဉ်အစီရင်ခံစာနှင့်ပတ်သက်၍ AAPP ရန်ကုန်ရုံး တာဝန်ခံမှ အင်တာဗျူးဖြေကြားခြင်း
နိုဝင်ဘာလ ၁၄ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်သည် AAPP လစဉ်အစီရင်ခံစာနှင့်ပတ်သက်၍ အီးလဗင်းသတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြား ခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးအောင်မျိုးကျော်မှ “နိုင်ငံရေး ဖြစ်စဉ်ကြောင့် အကျဉ်းကျခံနေရသူများ၊ တရားစွဲဆိုခြင်းခံထား ရသူများကို ခြွင်းချက်မရှိ အမှုရုပ်သိမ်းပေးပြီး စစ်မှန်သည့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အကောင်အထည်ဖော်မည် ဆိုလျှင်၊ စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးကို ဝိုင်းဝန်း အကောင်အထည်ဖော်နိုင်ကြ မည်ဆိုလျှင် အင်မတန်မှ ကောင်းမွန်သည့်အခြေအနေတစ်ရပ် ဖြစ်လာမည်ဟု ၎င်းတို့ သုံးသပ်ကြောင်း” ပြောကြားခဲ့သည်။
အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။
https://news-eleven.com/article/197837
“အမျိုးသားညီညွတ်ရေးအတွက် အဓိကကျသည့် စိန်ခေါ်မှုများ” တိုက်ရိုက် မေးမြန်းတင်ဆက်ခြင်းအစီအစဉ်၌ ပါဝင်ခြင်း

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်သည် MCN TV News မှ တင်ဆက်သည့် “အမျိုးသား ညီညွတ်ရေးအတွက် အဓိကကျသည့် စိန်ခေါ်မှုများ” တိုက်ရိုက် မေးမြန်းတင်ဆက်ခြင်း အစီအစဉ်၌ ပါဝင်ခဲ့သည်။ အဆိုပါ တိုက်ရိုက်မေးမြန်းတင်ဆက်ခြင်းအစီအစဉ်တွင် AAPP အတွင်းရေးမှူး ဦးတိတ်နိုင် နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေး (တည်ထောင်သူ – ဖက်ဒရယ်ဒီမိုကရက်တစ် အင်အားစု)တို့သည် NLD ပါတီ နှင့် အစိုးရ၏ ဒုတိယ သက်တမ်းအတွက် အဓိကတာဝန်ဖြစ်လာသည့် အမျိုးသားညီညွတ်ရေး (သို့) အမျိုးသားပြန်လည်သင့်မြတ်ရေး များကို ဖော်ဆောင်ရာ၌ အရေးအကြီးဆုံး မည်ကဲ့သို့ စိန်ခေါ်မှုများရှိနေသည် ဆိုသည်ကို ပါဝင် ဆွေးနွေးခဲ့သည်။
အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း ကြည့်ရှုနိုင်သည်။
https://web.facebook.com/mcntv/videos/375959260277226
https://web.facebook.com/rfaburmese/videos/204798541019275/
ကျောင်းသားများ ဖမ်းဆီးခြင်းခံရသည့်ကိစ္စနှင့်ပတ်သက်၍ အင်တာဗျူးဖြေကြားခြင်း
နိုဝင်ဘာလ ၂၄ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်သည် ဧရာဝတီ သတင်းဌာန နှင့် Myanmar Now သတင်းဌာနတို့မှ ပြုလုပ်သည့် အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးများတွင် ဦးအောင်မျိုးကျော်မှ ကျောင်းသားများ ဖမ်းဆီးခြင်းခံရသည့်ကိစ္စ နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။ ၎င်းပြင် NLD ကြီးစိုးသည့် လွှတ်တော်သက်တမ်းအတွင်း ပုဒ်မ ၅ (ည)နှင့် ဧည့်စာရင်း ဥပဒေများကို အပြီးတိုင် ဖျက်သိမ်းလိုက်နိုင်သော်လည်း ၅၀၅(က)၊(ခ)နှင့် ငြိမ်း၊စု၊စီဥပဒေ၊ နိုင်လွတ်လုံဥပဒေ ကဲ့သို့ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ဖိနှိပ်သည့် ဥပဒေများကိုမူ မဖျက်သိမ်းနိုင်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။
https://www.myanmar-now.org/mm/news/5083
ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း
တိတ်နိုင် အတွင်းရေးမှူး +၉၅(၀) ၉၄၂ ၈၀၂ ၃၈၂၈
ဗိုကြည် တွဲဖက်အတွင်းရေးမှူး +၉၅(၀) ၉၄၂ ၅၃၀ ၈၈၄၀
အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၉၄၂ ၈၁၁ ၇၃၄၈
ဒေါင်းလော့ရယူရန် Burmese Newsletter for November 2020

