၁၂၁ လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းနှင့် အမှုရင်ဆိုင်ဆဲစာရင်းထုတ်ပြန်ချက်
မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း ကျန်ရှိနေသေးသော လက်ကျန်နိုင်ငံရေးအကျဉ်းသား စာရင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) မှ ပြုစုထားသော လက်ကျန်နိုင်ငံရေး အကျဉ်းသားစာရင်းကို ထုတ်ပြန်လိုက်ပါသည်။ ထိုနိုင်ငံရေးအကျဉ်းသားများစာရင်းအား ၂၀၁၄ ဩဂုတ် ၁၇-၁၈ ရက်များတွင် ရန်ကုန်မြို့၌ပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲမှထွက်ပေါ်လာသည့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်အပေါ်တွင် အခြေခံ၍ ပြုစုထားခြင်းဖြစ်သည်။ ဧပြီ၊ ၇၊ ၂၀၁၆ နေ့အထိ မိမိတို့ ပြုစုထားသောစာရင်းများအရ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား (၁၂၁) ဦး ခန့် မှာ မြန်မာနိုင်ငံရှိအကျဉ်းထောင်အသီးသီးတွင် ဆက်လက်အကျဉ်းကျခံနေရဆဲဖြစ်ပါသည်။ ထို့ပြင် တက်ကြွ လှုပ်ရှားသူများအား ဖမ်းဆီးထောင်ချနေမှုများသည်လည်း လျော့ပါးသွားခြင်းမရှိသည့်အပြင် ဆက်လက်တိုးပွား လျက်ရှိနေဆဲဖြစ်သည်။ နိုင်ငံသားတိုင်း၏ အခြေခံအခွင့်အရေးများအရ ထုတ်ဖော်ဆန္ဒပြခြင်းများအားပုဒ်မ(၁၈)၊ (၁၉)၊ အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(ခ)၊ တောင်သူလယ်သမားများအား ပုဒ်မ ၄၄၇၊ ၄၂ရ အပါအဝင် မတရားသဖြင့် ဖမ်းဆီးတရားစွဲဆိုမှုများဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေကြရသူများ ဖြစ်ပါသည်။ လက်ရှိအခြေအနေထိ ကျွန်ုပ်တို့ လက်လှမ်းမှီသမျှ ပြုစုထားသော အမှုရင်ဆိုင်ဆဲဦးရေမှာ အနည်းဆုံး(၄၁၄) ဦး ခန့် ရှိမည်ဖြစ်သည်။ ယခုတင်ပြထားသော အမှုရင်ဆိုင်ဆဲစာရင်းတွင် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် ကန့်ကွက်ဆန္ဒပြခဲ့ကြသော အနယ်နယ်အရပ်ရပ်မှ ကျောင်းသား၊ ကျောင်းသူ၊ ဝန်းရံပြည်သူများ အပါ အဝင် ရခိုင်ပြည်နယ် ကျောက်တော် နယ်မြေ တို့တွင် ပုဒ်မ ၁၇/၁၊ ၁၇/၂ တို့ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် ဒေသခံတို့၏ စာရင်းများလည်း ထည့်သွင်းဖော်ပြထားပါသည်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) က လက်လှမ်းမမီသည့် နိုင်ငံရေး အကျဉ်းသားများနှင့် အချက်အလက်မရရှိသော နိုင်ငံရေးအကျဉ်းသားများ သည် ဤစာရင်းတွင် မပါဝင်နိုင်ပါ။ ဖော်ပြပါစာရင်းတွင်မပါဝင်သော နိုင်ငံရေးအကျဉ်းသားများ၏အချက်အလက်များကို မိသားစုဝင်များ၊ သို့မဟုတ် အကျိုးဆောင်ရှေ့နေများအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) သို့ဖြစ်စေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ သို့ဖြစ်စေ လိုအပ်သောအချက်အလက်များဖြင့် ဆက်သွယ် ပေးပို့နိုင်ပါသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများရုံး ဆက်သွယ်ရန်
Email : info@aappb.org
ဒေါင်းလော့ရယူရန် 414 burmese version facing trial list Updated on 07 Apr 2016
ဒေါင်းလော့ရယူရန်121 remaining political prisoners (bur) 7 Apr 2016

