စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ ဇွန်လ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် မေလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၆၁၇) ခုထက်မနည်းရှိခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၁၉၅၈) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ ယနေ့ (ဇွန် ၁၆) တွင် ယခင်နေ့ရက်များကကျဆုံးသွားခဲ့သည့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၄) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၁၀၈၁) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၁၄၄) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၇၃) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၄) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၁) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၀၃၇) ဦး ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ကြို့ကန်ကျေးရွာအတွင်းကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ဇွန်လ ၁၁ ရက်နေ့တွင် ဝင်ရောက်စီးနင်း၍ နေအိမ်များကို မီးရှို့ခဲ့ပြီး လူသားဒိုင်းအဖြစ် ၎င်းတို့ဖမ်းဆီးလာသည့် ခင်ဦးမြို့နယ်၊ အင်တိုင်းကြီးကျေးရွာမှ ကိုချမ်းသာ နှင့် အမျိုးသား တစ်ဦးတို့ကို ညှဉ်းပန်းနှိပ်စက်ခဲ့ပြီးနောက် ကြို့ကန်ကျေးရွာ အနောက်ဘက်တွင် ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ဇွန်လ ၈ ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုးနေပြီး တောင်ပလူကျေးရွာအတွင်းတွင် အသက် ၆၅ နှစ်အရွယ် ဦးစိုးဟန်အပါအဝင် ဒေသခံအများအပြားကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း သိရှိရသည်။ ဦးစိုးဟန်ဟည် ဒဏ်ရာများကြောင့် ထွက်ပြေးနိုင်ခြင်းမရှိဘဲ ဇွန် ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ၎င်း၏သားဖြစ်သူ ကျေးရွာအတွင်း၌ကျန်ခဲ့သော ဦးစိုးဟန်ကို သွားရောက်ကယ်ဆယ်ရာ တွေ့ရှိပြီး ငါးမိနစ်ခန့်အကြာ၌ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
ကျဆုံး – bit.ly/3taCmp3
ဖမ်းဆီးခံရသူ စုစုပေါင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲ – bit.ly/3m3Z8Lm
လွတ်မြောက် –bit.ly/3MbC3kd
Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် – – https://youtu.be/OoyTSNG7zv4
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
“အရေးတော်ပုံအောင်ရမည်”
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
