စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မတ်လ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်
AAPP မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၄၄၀) ခုထက်မနည်းရှိခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၄) ဦး၏ အချက်အလက်များကို ယနေ့ (မတ် ၁၅)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၆၇၆) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၉၆၅၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၈၄၄) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၄၅) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၇၃) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၈၄) ဦးရှိပြီဖြစ်သည်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
မတ်လ ၁၂ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ချောင်းရိုးကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ဝင်ရောက်လာခဲ့ပြီး ဒေသခံရွာသား ဦးသန်းစစ်နှင့် ၎င်း၏သားဖြစ်သူ ကိုကျော်မင်းခိုင်တို့ကို ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။ ဦးသန်းစစ်နှင့် ကိုကျော်မင်းခိုင်တို့မှာ နေအိမ်များ မီးရှို့ခံရ၍ ထွက်ပြေးလာစဉ် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး ခေါင်းနှင့်ရင်ဘတ်ကို ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ချောင်းရိုးကျေးရွာတွင် ထွက်မပြေးနိုင်ဘဲကျန်ခဲ့သည့် အသက် ၇ဝ ခန့်အရွယ်ရှိ ဦးခင်မောင်သိန်းလည်း သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်၊ မိုင်းတုံမြို့တွင် နေထိုင်သည့် အလွတ်တန်းသတင်းထောက်ဟောင်း ကိုအောင်ဝင်းဌေးသည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ အကြမ်းဖက်စစ်အုပ်စုနှင့် စစ်အာဏာသိမ်းမှုနှင့်ဆက်နွယ်သည့် စာသားများကို ရေးသားခဲ့ခြင်းကြောင့် ဖမ်းဆီးခြင်းခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခြင်းခံထားရကြောင်း သိရှိရသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
AAPP မှ မှတ်တမ်းတင်လျက်ရှိသည့် နွေဦးတော်လှန်ရေးကာလအတွင်း အဖမ်းအဆီး၊ ကျဆုံး စသည့်သတင်းအချက်အလက်များနှင့် နေ့စဉ်ထုတ်ပြန်ချက်များကို အောက်ဖော်ပြပါ လင့်တွင် အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။
https://coup.aappb.org/
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for March 15, 2022 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under-Detention-List-Last-Updated-on-15-Mar-2022
အမိန့်ချမှတ်ခံထားရသူများစာရင်း Under-Sentenced-List-Last-Updated-on-15-Mar-2022