စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ မတ်လ ၉ ရက်၊ ၂၀၂၂ ခုနှစ်
AAPP မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၄၄၀) ခုထက်မနည်းရှိခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၁၇) ဦး၏ အချက်အလက်များကို ယနေ့ (မတ် ၉)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၆၄၀) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၉၅၅၉) ဦးရှိပြီး ၎င်းတို့အနက်မှ (၈၃၃) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၄၅) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၇၃) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၈၄) ဦးရှိပြီဖြစ်သည်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
မတ်လ ၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ လက်ပန်တောကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် လက်ပန်တောကျေးရွာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော စစ်ဘေးရှောင်ပြည်သူ ရှစ်ဦးသည် လက်နက်ကြီးထိမှန်ကာ နေရာတွင်ပင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါစစ်ဘေးရှောင်ပြည်သူ ရှစ်ဦးမှာ လက်ပန်တောကျေးရွာမှ အသက် ၉၃ နှစ်အရွယ် ဒေါ်တင်ညွန့်၊ အသက် ၇ဝ ကျော်အရွယ် ဦးသန်းမောင်၊ အသက် ၃ဝ အရွယ် မမို့မို့ဝင်း၊ ၎င်း၏သားနှစ်ဦးဖြစ်သော အသက် ရ နှစ်အရွယ် မောင်မြတ်ဘုန်းနိုင်၊ အသက် ၉ နှစ်အရွယ် မောင်စွမ်းထက်နိုင်နှင့် အသက် ၇ဝ ကျော်အရွယ် မိခင်ဖြစ်သူ ဒေါ်သိန်းလှ၊ ကံသာကျေးရွာမှ အသက် ၇ဝ ကျော်အရွယ် ဦးသိန်းမောင်နှင့် ဦးအုန်းလှိုင်တို့ဖြစ်ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၏ မြို့နယ်သမဂ္ဂအသီးသီးမှ ဗကသကျောင်းသားများ (ယာယီ) တည်းခိုနေထိုင်လျက်ရှိသော မရမ်းကုန်းမြို့နယ်၊ (၃) ရပ်ကွက်ရှိ နေအိမ်များကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ အင်အားအလုံးအရင်းဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့သည်။ အဆိုပါစီးနင်းမှုအတွင်း ဗကသကျောင်းသား ရှစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရပြီး အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၏ ဥက္ကဌ(ဟောင်း) ကိုညီမင်းသူသည် ရင်ညွန့်အား ကျည်ထိမှန်ကာ နေရာတွင်ပင် ကျဆုံးခဲ့ကြောင်း သိရှိရသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
AAPP မှ မှတ်တမ်းတင်လျက်ရှိသည့် နွေဦးတော်လှန်ရေးကာလအတွင်း အဖမ်းအဆီး၊ ကျဆုံး စသည့်သတင်းအချက်အလက်များနှင့် နေ့စဉ်ထုတ်ပြန်ချက်များကို အောက်ဖော်ပြပါ လင့်တွင် အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။
https://coup.aappb.org/
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for March 9, 2022 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under-Detention-List-Last-Updated-on-9-Mar-2022
အမိန့်ချမှတ်ခံထားရသူများစာရင်း Under-Sentenced-List-Last-Updated-on-9-Mar-2022
