စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ ဇူလိုင်လ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ် နှင့် ကနီမြို့နယ်တို့မှ အပြစ်မဲ့ ပြည်သူ (၅) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၉၁၁) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေ နိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၂၅၇) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၄) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၆၃) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ဇူလိုင်လ ၁၂ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ သရက်ပင်ကျေးရွာမှ ဒေသခံ ထန်းတက်တောင်သူ ဦးလွန်းမောင်ကို နယ်မြေခံရဲများမှ အကြောင်းမဲ့ ပစ်သတ်သွားခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်အုပ်စုမှ ဝင်ရောက်စီးနင်းသောကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်အတွင်းရှိ ဇင်ကလဲ ကျေးရွာအပါအဝင် အနီးနားကျေးရွာများမှ ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဇူလိုင်လ ၁၁ ရက်နေ့တွင် ဇင်ကလဲကျေးရွာမှ တိမ်းရှောင်နေသော ဦးဆန်းဝင်းသည် ရွာသို့ ဆန်ပြန်ယူစဉ် အကြမ်းဖက်စစ်အုပ်စု၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ကျဆုံးသွားသည့် ဦးဆန်းဝင်းမှာ လက်ပြန်ကြိုးတုပ်ခြင်းခံထားရပြီး မျက်နှာ နှင့် ဦးခေါင်း၌ ရိုက်နှက်ထားသည့် ဒဏ်ရာများ တွေ့ရှိရသည်ဟု ဒေသခံတစ်ဦးမှ ပြောကြားခဲ့သည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ သံပေါက်ကျေးရွာမှ ဒေသခံ ဦးမြင့်ဆွေကို အကြမ်းဖက်စစ်အုပ်စုမှ ဇူလိုင်လ ၁၃ ရက်နေ့တွင် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ သာရမဲကျေးရွာမှ ကျောင်းဆရာမ သုံးဦးကို အကြမ်းဖက်စစ်အုပ်စုမှ အရပ်ဝတ်များဖြင့် ဇူလိုင်လ ၁၂ ရက်နေ့ ညအချိန်က လာရောက် ဖမ်းဆီးသွားခဲ့သည်။ ဖမ်းဆီးခြင်းခံရသည့် ကျောင်းဆရာမ သုံးဦးမှာ ပထက်ကျွန်းစု အထက်တန်းကျောင်းမှ မူလတန်းပြ ဆရာမ ဒေါ်ညိုမာလွင်၊ ရွှေဒူးအလယ်တန်းကျောင်း(ခွဲ)မှ မူလတန်းပြ ဆရာမ ဒေါ်ဇင်မာလွင်နှင့် ဒေါ်သန်းအိအိငြိမ်း တို့ဖြစ်ကြသည်။ ထို့ပြင် သာရမဲကျေးရွာမှ ရာအိမ်မှူး ဦးနိုင်လင်းကိုလည်း ထိုနေ့ညအချိန်တွင်ပင် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for July 14, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်းUnder Detention List (Last Updated on 14 July 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်းRelease Lists ( Last Updated on 14 July 2021)
ဝရမ်းထုတ်ခံထားရသူများစာရင်းIssue Warrant Lists ( Last Updated on 14 July 2021)
