စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ ဧပြီလ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယမန်နေ့က ကျဆုံးသွားခဲ့သည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ အပြစ်မဲ့ ပြည်သူ (၁) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၇၅၆) ဦးရှိခဲ့သည်။ ယနေ့တွင် ကျဆုံးသွားခဲ့ သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့်အတွက် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၇၅၆) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူ ရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွား မည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဧပြီလ ၂၈ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၄၄၉) ဦးရှိပြီး ၎င်းတို့အနက်မှ (၇၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၂၃၇) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ဧပြီလ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးကာလမှ ယနေ့ (ဧပြီလ ၂၈) အထိ အရပ်သား ခြောက်ဦး သတ်ဖြတ်ခံခဲ့ရပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင်း ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်မှုများမှာ စစ်အုပ်စုဖက်မှသာ ကျူးလွန် လျက်ရှိနေသောကြောင့် အာဆီယံအနေဖြင့် “အကြမ်းဖက်မှုများကို ရှောင်ကြဉ်ရန်” ဆိုသော စစ်အုပ်စုက ပေးသည့် ကတိကဝတ်အား မယုံကြည်သင့်ပေ။
စစ်အုပ်စုက အကြမ်းဖက်မှုများကို နေ့စဉ်ရက်ဆက်ပြုလုပ်နေသော်လည်း စစ်အာဏာရှင်စနစ်ကိုမလိုလားသော ပြည်သူများ သည် ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် တစ်နိုင်ငံလုံးအနှံ့ စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးသပိတ်များ ကို အင်တိုက်အားတိုက်ပြုလုပ်လျက်ရှိပြီး စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်လျက်ရှိသည်။
ယနေ့ (ဧပြီ ၂၈) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၌ ရတနာပုံတက္ကသိုလ် ကျောင်းသားသပိတ် စစ်ကြောင်း နှင့် မန္တလာတက္ကသိုလ် ကျောင်းသားသပိတ်စစ်ကြောင်းကို စစ်ကားဖြင့် နောက်မှ ဝင်တိုက်၍ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ ထို့ပြင် ဖမ်းဆီးခြင်းခံထားရသူ ခြောက်ဦးရှိပြီး ၎င်းတို့ကို နေပူထဲ၌ လက်မြှောက်ခိုင်းထားသည်ဟု သိရှိရသည်။ ၎င်းပြင် ဒဏ်ရာရရှိသူ အရေအတွက်ကိုလည်း အတည်ပြုနိုင်ခြင်းမရှိသေးပါ။ အကြမ်းဖက် စစ်အုပ်စုသည် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ကားဖြင့်တိုက်တာ ဖမ်းဆီးခဲ့ပြီးနောက် ထိုအချိန်မှစကာ သပိတ်များကို ဖြိုခွင်းရာ၌ ကား၊ ဆိုင်ကယ်တို့ဖြင့် တိုက်၍ လူမဆန်စွာ ဖြိုခွင်း၊ ဖမ်းဆီးခြင်းများကို လုပ်ဆောင်လာသည်မှာ ယနေ့တိုင်ဖြစ်သည်။ ယခုရက်ပိုင်းအတွင်း ဖမ်းဆီးမှုများကို နေ့ညမပြတ်ဆက်တိုက်ပြုလုပ်လာပြီး ဖမ်းဆီးရာ၌ အိမ်စီးကားများကို အသုံးပြု၍ ဖမ်းဆီးလာသည်ကို တွေ့ရှိရသည်။
ယမန်နေ့ (ဧပြီ ၂၇) ည ၁ဝ နာရီအချိန်ခန့်က ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ အသက် ၂ဝ ဝန်းကျင်အရွယ် လူငယ်တစ်ဦးကို ပစ်သတ်ခဲ့ပြီး ရုပ်အလောင်းကို သယ်ယူခွင့်မပေးသေးကြောင်း သိရှိရသည်။
ထို့ပြင် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)တွင် ပါဝင်သည့် ဝန်ထမ်းများကို နည်းမျိုးစုံဖြင့် ပြင်းပြင်းထန်ထန် ဖိနှိပ်ခြင်း၊ ဖိအားပေးခြင်းတို့ကို လုပ်ဆောင်လာသည်ကိုတွေ့ရှိရသည်။ CDM ၌ ပါဝင်သည့် ဝန်ထမ်းများကို ဖမ်းဆီးရမိခြင်းမရှိ၍ မိသားစုကို ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်း၊ ဝန်ထမ်းအိမ်ရာများမှ ပြောင်းရွှေ့ခိုင်းခြင်း၊ အလုပ်မှ ထုတ်ပယ်ခြင်း၊ ပုဒ်မ အမျိုးမျိုးတပ်ကာ တရားစွဲဆိုခြင်း၊ ဝရမ်းထုတ်ခြင်း တို့ကို ရက်ဆက်ဆိုသလို လုပ်ဆောင်လာသည်ကို တွေ့ရှိရသည်။ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ သင်ကြားရေး ဆရာ၊ ဆရာမများနှင့် စီမံဝန်ထမ်းများအားလုံးကို လုပ်ငန်းခွင်သို့ မေလ ၃ ရက်နေ့ နောက်ဆုံးထား၍ မပျက်မကွက် ဝင်ရောက်ရန် ဖိအားပေးလျက်ရှိသည်ဟု သိရှိရသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၌ CDM ၌ ပါဝင်သည့် ဘုတလင်ဆေးရုံ ဝန်ထမ်း မိသားစုများကို ဝန်ထမ်း လိုင်းခန်းများမှ အတင်းအဓမ္မပြောင်းရွှေ့ခိုင်းနေသည်ဟု သိရှိရသည်။ ဝန်ထမ်းများ CDM ၌ ပါဝင်ခြင်းသည် မြန်မာနိုင်ငံတွင်း ဌာနဆိုင်ရာများအပါအဝင် ပုံမှန်လည်ပတ်နေသော ယန္တရားများအား များစွာ သက်ရောက်မှုရှိခဲ့သည်။ သို့အတွက် CDM ဝန်ထမ်းများကို အငြိုးထား၍ ဖိအားပေးကာ ၎င်းတို့၏ လုပ်ငန်းလည်ပတ်လာစေရန် အတင်းအကြပ် ဖိအားပေး၍ စတင်ဆောင်ရွက်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်း နံနက် ၁ နာရီမှ ၉ နာရီအထိ FTTH ဖိုင်ဘာအင်တာနက်လိုင်း ဖြတ်တောက်ထားသည်မှာ ၇၂ ည တိုင်ရှိခဲ့ ပြီးနောက် အာဏာသိမ်း စစ်အုပ်စုသည် အဆိုပါ ဖိုင်ဘာအင်တာနက်လိုင်း အချိန်ပိုင်းဖြတ်တောက်ထားမှုကို ယမန်နေ့ (ဧပြီ ၂၇) မှစတင်၍ ပယ်ဖျက်ခဲ့သည်။ သို့သော်လည်း အခြားသော အင်တာနက်ဝန်ဆောင်မှုများအားလုံးကို ဖြတ်တောက် ထားပြီး သတင်းစီးဆင်းမှုကို ဆက်လက် ကန့်သတ် ချုပ်ကိုင်ထားဆဲဖြစ်သည်။ ထို့ပြင် လူမှုကွန်ရက်စာမျက်နှာများနှင့် သတင်းဝက်ဒ်ဆိုက်စာမျက်နှာ တချို့ကို ကန့်သတ်ပိတ်ပင်ထားသည်မှာလည်း (၈၃) ရက်တိုင် ရှိနေပြီ ဖြစ်သည်။ စစ်အုပ်စုသည် ပြည်သူများကြား သတင်းမှန်ရရှိ၍ ၎င်းတို့ကို ဆန့်ကျင်မှုများ ပို၍ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်လာမည်ကို စိုးရိမ်၍ သတင်းစီးဆင်းမှုမှန်သမျှကို ကန့်သတ်ထားပြီး ၎င်းတို့၏ ဝါဒဖြန့်ချိရေးဌာနများဖြစ်သည့် မြဝတီရုပ်မြင်သံကြား (MWD) နှင့် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား (MRTV) ရုပ်သံလွှင့်ဌာနများမှသာ သတင်းမှားများဖြင့် ထုတ်လွှင့်လျှက်ရှိ သည်။ လွတ်လပ်စွာ သတင်းရယူဖလှယ်ခွင့် ကန့်သတ်ခြင်းခံထားရလျှင် လူ့အခွင့်အရေး ဆုံးရှုံးခြင်းဖြစ်ပြီး အခြား လူ့အခွင့်အရေးများလည်း ကန့်သတ်၊ ပိတ်ပင်ခြင်းခံထားရမည်ကို ထင်ရှားစွာ ပြသနေသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန် Fatality List for April 28, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်းUnder Detention List_Burmese (28-Apr-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists_Burmese (28-Apr-2021)
