စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်
အာဏာသိမ်းစစ်ကောင်စီမှ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ အဆိုပါဥပဒေ၏ ပုဒ်မ ၂ တွင် ပုဒ်မခွဲ (၇) ခု၊ ပုဒ်မ ၃ တွင် ပုဒ်မခွဲ (၁) ခု၊ အခန်း (၁၀) ၏ ပုဒ်မ ၂ရ (က) တွင် ပုဒ်မခွဲ (၄) ခု၊ ပုဒ်မ ၂၇(ခ) ကိုလည်းကောင်း နှင့် ပုဒ်မ ၂ရ (ဂ) တွင် ပုဒ်မခွဲ (၄) ခုတို့ကိုလည်းကောင်း ထပ်မံဖြည့်စွက်ထားသည်။ ၎င်းပြင် ပုဒ်မ ၃၈ တွင် ပုဒ်မခွဲ (၅) ခုကို ထပ်မံဖြည့်စွက်ထားပြီး ပြစ်ဒဏ်များကို ဖော်ပြထားရာ အမြင့်ဆုံး ထောင်ဒဏ် (၇) နှစ် နှင့် ကျပ်သိန်းငါးရာထက် မပိုသော ငွေဒဏ်ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။ အဆိုပါဥပဒေကို ယခင်စစ်အစိုးရလက်ထက် ၂၀၀၄ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးအမြင်ကွဲလွဲဆန့်ကျင်သူများ၊ မီဒီယာသမားများကို ခြိမ်းခြောက် အပြစ်ပေးရာတွင် အသုံးပြုလေ့ရှိခဲ့ သည်။ လက်ရှိကာလ စစ်အာဏာသိမ်းချိန်၌ အဆိုပါဥပဒေအား ပြန်လည် အသက်သွင်းခြင်းသည် အီလက်ထရောနစ်နည်းပညာအသုံးပြုမှုဆိုင်ရာ ဖိနှိပ်မှုကို မြန်ဆန်စွာ ဆောင်ရွက်ရန် နှင့် ၎င်းတို့နှင့် ဆန့်ကျင်ကွဲလွဲသူများကို နှုတ်ဆိတ်သွားစေရန် ခြိမ်းခြောက်ခြင်းဖြစ်ပြီး လူ့အခွင့်အရေးစံနှုန်းများ နှင့်လည်း ကိုက်ညီမှုမရှိသည်ကို တွေ့ရှိရပါသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်လည်း နံနက် (၁) နာရီအချိန်မှ (၉) အချိန်ထိ အင်တာနက်လိုင်းများကို ထပ်မံ ဖြတ်တောက်ထားခဲ့သည်။ အင်တာနက်ဝန်ဆောင်မှုများကို စောင့်ကြည့်သည့်အဖွဲ့ဖြစ်သော Net Blocks ၏ အဆိုအရ အင်တာနက်ဆက်သွယ်မှုသည် သာမန်အဆင့်၏ ၁၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်ဟု သိရှိရ သည်။ ထိုကဲ့သို့ အင်တာနက်ဆက်သွယ်မှုဖြတ်တောက်ထားခြင်းသည် ညအချိန်၌ ဝင်ရောက်စီးနင်းမှုများ နှင့် ရပ်ရွာနေလူထုကို ပစ်မှတ်ထားကာ နှောင့်ယှက်သော သူစိမ်းများ ဝင်ရောက်မှုရှိလာပါက ဆက်သွယ်ရန် နှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် အနှောင့်အယှက်ဖြစ်စေသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်း(UDHR) ၏ အပိုဒ် ၁၉ တွင် “လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆပိုင်ခွင့် နှင့် လွတ်လပ်စွာ ဖွင့်ဟ ဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများ၌ အနှောင့်အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆပိုင်ခွင့် ပါဝင်သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာ နှင့် သဘောတရား များကို တနည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့် နှင့် ဝေငှဖြန့်ချီခွင့်တို့လည်း ပါဝင်သည်။” ထိုအရာကို မြန်မာနိုင်ငံတွင် လိုက်နာရမည်ဖြစ်သည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် လူထုလှုပ်ရှားမှု အထွေထွေသပိတ်သည် အင်အားကောင်းစွာဖြင့် ဆက်လက်မြင့်တက်လျက်ရှိသည်။ ထိုကဲ့သို့မြင့်တက်လျက်ရှိခြင်းနှင့်အတူ ဖမ်းဆီးခြင်းများ၊ အကြမ်းဖက် ဖြိုခွင်းခြင်းများကို ဆက်တိုက်ပြုလုပ်လာခဲ့သည်။ ထို့ပြင် Civil Disobedience Movement (CDM) ၌ ပါဝင်သော ဝန်ထမ်းများနေထိုင်ရာ နေရာများကို စီးနင်း၍ ဝင်ရောက်ဖမ်းဆီးခြင်းများအား နေ့စဉ်ရက်ဆက် ပြုလုပ်လာသည်ကို တွေ့ရှိရသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ Civil Disobedience Movement (CDM) ၌ ပါဝင်သော ထောင်ကလို့ကျေးရွာမှ မူလတန်းကျောင်းအုပ် ဦးထက်ဝေယံကျော်သည် ဆန္ဒထုတ်ဖော်မှုပြုပြီးအပြန်တွင် ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ၎င်းအား ပြန်လည်လွှတ်ပေးရန် ပြည်သူ ၃၀,၀၀ဝ ဝန်းကျင်မှ မြောင်းမြအကျဉ်းထောင်ရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ထိုကဲ့သို့ဆန္ဒထုတ်ဖော်မှု ပြုလုပ်နေစဉ် ရဲတပ်ဖွဲ့မှ မီးသတ်ပိုက်ဖြင့်ထိုးခြင်း၊ မျက်ရည်ယိုဗုံးဖြင့်ပစ်ကာ ရာဘာကျည်ဖြင့်ပစ်ခတ်ခြင်းတို့ ပြုလုပ်၍ အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ ထို့ကြောင့် အရပ်သား (၁၀) ဦး ဒဏ်ရာရရှိခဲ့ပြီး အရပ်သား (၂) ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။
ထို့ပြင် CDM တင် ပါဝင်သော နေပြည်တော်ကောင်စီ၊ လယ်ဝေးမြို့နယ် သမဝါယမဦးစီးဌာနမှ ဝန်ထမ်း (၅) ဦး၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဝန်ထမ်း (၃) ဦးတို့သည် ယမန်နေ့က ဖမ်းဆီးခြင်းခံခဲ့ရပြီး နေပြည်တော်အချုပ်ထောင်တွင် ထိန်းသိမ်းခြင်းခံထားရသည်ဟု သိရှိရသည်။ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ ယမန်နေ့ မွန်းလွဲပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဆရာဝန်များအဆောင်မှ အခန်းတံခါးကို ဖွင့်ရန် ကြိုးပမ်းခဲ့သည်ဟု သိရှိရသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို ပထမအကြိမ်ရုံးထုတ်စစ်ဆေးမှုကို video conference ဖြင့်ပြုလုပ်ခဲ့ပြီး၊ အဆိုပါရုံးချိန်း၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်၊ သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ သမ္မတ ဦးဝင်းမြင့်ကို ဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တို့ဖြင့် တရားစွဲတင်ခဲ့ပြီး ဒုတိယ အကြိမ်ရုံးချိန်းကို မတ်လ ၁ ရက်နေ့တွင် ချိန်းဆိုခဲ့သည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်နေသည့် ကျောင်းသားလူငယ် (၄) ဦးကို သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှ လာရောက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။
လူထုဆန္ဒပြမှုများအား အကြမ်းဖက်ဖြိုခွင်းသည့် လုပ်ရပ်များကို အာဏာသိမ်းစစ်အုပ်စုမှ ပြုလုပ်လျက်ရှိရာ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၅) ရက်နေ့ ညနေပိုင်းက မန္တလေးမြို့ ရန်ကုန်-မန္တလေး အမြန်လမ်းထိပ်ရှိ အဝိုင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများအား ရဲတပ်ဖွဲ့မှ ဖြိုခွင်းရာ၌ လက်နက်မဲ့ပြည်သူတစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက နံပါတ်တုတ်ဖြင့် အချက်ပေါင်း များစွာရိုက်နှက်မှုများ ပြုလုပ်ခဲ့သည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ညမထွက်ရအမိန့်ကို ဖောက်ဖျက်သူ ၁၈ ဦးအား ထောင်ဒဏ် တစ်လစီ ချမှတ်ခဲ့သည်။ ထားဝယ်မြို့တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ပထမဆုံးအကြိမ် ဖမ်းဆီးပြီး ထောင်ဒဏ် ချမှတ်ခဲ့သည်ဟု ဒေသခံများမှ ပြောကြားခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ စုစုပေါင်း ဖမ်းဆီး၊ထိန်းသိမ်းခြင်းခံထားရသူ (၄၅၂) ဦးထိရှိခဲ့ပြီဖြစ်ပြီး၊ ၎င်းတို့ အနက်မှ (၃) ဦးသည် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ (၃၅) ဦးမှာ ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန်ထိ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၃) ဦးအပါအဝင် (၄၁၇) ဦးမှာ ဆက်လက် ထိန်းသိမ်းခြင်း ခံနေရဆဲဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ ဆရာ/ဆရာမများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်းခြင်းခံထားရသည်ကို သိရှိပါက နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) သို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
Download link for Recent Arrests List (Last Updated on 16 Feb 21)
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)
ရကျစှဲ ဖဖေောျဝါရီလ ၁၆ ရကျ၊ ၂၀၂၁ ခုနှဈ

