ကိုယ်ပိုင်ပစ္စည်းဥစ္စာများ မတရားသိမ်းဆည်းခံနေရသည့် စစ်အာဏာသိမ်းမှုအောက်မှ ပြည်သူများ

 

မေ (၁) ရက်၊ ၂၀၂၄

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ သုံးနှစ်ကျော်ကြာ အာဏာလုယူထားသည့် စစ်အုပ်စုက နိုင်ငံတဝန်း အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြကြသည့် လက်နက်မဲ့ အရပ်သားပြည်သူများကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်၍ အဓမ္မ ဖမ်းဆီးကာ မတရားသော ပုဒ်မများဖြင့် ထောင်ဒဏ် ချမှတ်သည့်အပြင် ဒီမိုကရေစီအရေးတွင် တက်ကြွစွာ ပါဝင်ကြပြီး ၎င်းတို့ကို ဆန့်ကျင် ဆန္ဒပြကြသည့် သပိတ်အဖွဲ့ဝင်များ၊ တက်ကြွလှုပ်ရှားသူများ၊ ယခင်အစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီဝင်များ၊ ပညာရေး ဝန်ထမ်းများ၊ မီဒီယာကဏ္ဍ၌ ပါဝင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် အရပ်သားပြည်သူ စုစုပေါင်း (၉၃၄) ဦး၏ နေအိမ်၊ ကျောင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အဦနှင့် စီးပွားရေးလုပ်ငန်း စသည်ဖြင့် အရပ်သားပိုင် ပစ္စည်းဥစ္စာ စုစုပေါင်း (၁၁၅၉) ခုကို မတရားသဖြင့် သိမ်းဆည်းထားသည်ကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ မှတ်တမ်းတင်ထားသည်။  

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုက အာဏာလုယူပြီးနောက် အရပ်သားများအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှု များကို ဆိုးရွားစွာ ကျူးလွန်နေသည့်အပြင် အကြောက်တရား လွှမ်းခြုံနေစေရန် ရက်စက်သော နည်းလမ်းပေါင်းစုံကို အသုံးပြု နေသည်။ ထိုကဲ့သို့ စစ်အုပ်စု၏ ကျူးလွန်မှုများကို အပြစ်ပေး အရေးယူနိုင်စေရန်၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် ဓလေ့ဆိုးကို အဆုံးသတ် စေရန်  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်၊ ကျူးလွန်မှု များကို ဆက်လက် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း မြန်မာ ပြည်သူများ ရင်ဆိုင်နေရသည့် ဘေးဒုက္ခဆိုးများ အမြန်ဆုံး ချုပ်ငြိမ်းစေရန် အကြမ်းဖက်စစ်အုပ်စုအား ထိရောက်စွာ အရေးယူနိုင်မည့် လုပ်ငန်းစဉ်ယန္တရားများကို တိကျပြတ်သားစွာ အကောင်အထည် ဖော်ဆောင်ရွက်ရန် တိုက်တွန်းအပ်ပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)