တိုက်တွန်းလှုံ့ဆော်ခြင်း

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ မျှော်မှန်းချက်သည်နိုင်ငံရေးအကျဉ်းသား မရှိသော၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများကို ကာကွယ်၊ ထိန်းသိမ်း၊ ဖြည့်ဆည်းပေးသော လွတ်လပ်သည့် ဖက်ဒရယ်ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းဖြစ်လာစေရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကူညီပေးရန်ဖြစ်သည်။ “နိုင်ငံရေးအကျဉ်းသားရှိနေသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်နိုင်” ဟု အေအေပီပီအနေဖြင့် စွဲမြဲစွာခံယူထားသည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းသည် ထိုမျှော်မှန်းချက်များကို အကောင်အထည် ဖော်နိုင်ရန်အတွက် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံရေးအကျဉ်းသားများ တွေ့ကြုံခံစားနေရသော အခြေအနေအရပ်ရပ်ကို ကုလသမဂ္ဂ၊ နိုင်ငံတကာအစိုးရများ၊ ဒေသတွင်း အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် နိုင်ငံတကာမီဒီယာအဖွဲ့အစည်းများအား အလွယ်တကူ လက်လှမ်းမီ သိရှိနားလည်စေနိုင်ရန်အတွက် မိမိတို့ စနစ်တကျ ကောက်ယူအတည်ပြုချက်ရယူထားသော စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု အချက်အလက်များ၊ သုတေသနပြုစာတမ်းများနှင့် အစီရင်ခံစာများကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ Website, Facebook နှင့် Twitter တို့တွင် ပုံမှန်ထုတ်ပြန်လျက်ရှိသလို သက်ဆိုင်ရာလူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများထံသို့ တိုက်ရိုက်ပေးပို့ခြင်းတို့ကို အစဉ်တစိုက်လုပ်ဆောင်လျက်ရှိပါသည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းသည် ၎င်းလုပ်ငန်းစဉ်များအပြင် ပြည်တွင်းနှင့် နိုင်ငံတကာရှိ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များသိရှိနားလည်စေရန်အတွက် မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ်ပြောင်းလဲဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများအပေါ်အခြေခံ၍ အကြံပြုချက်များ ပေးခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ခြင်း၊ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ အဓိကသက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများကို စဉ်ဆက်မပြတ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ 

အေအေပီပီအနေဖြင့် နိုင်ငံတကာမှ အမြန်ဆုံး လုပ်ဆောင်ပေးရန် အောက်ပါအချက်များကို တိုက်တွန်းတောင်းဆိုအပ်ပါသည်

  •        သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ ချက်ချင်းလွတ်မြောက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ဦးတည်နိုင်စေရန်အတွက် ၎င်းတို့အား လွတ်လပ်စွာသွားလာနိုင်ခွင့်နှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ခွင့်ရရှိရန်။
  •        မြန်မာနိုင်ငံအနှံ့ လူအခွင့်အရေးချိုးဖောက်မှုများကိုကျူးလွန်နေသော မြန်မာစစ်တပ်၏ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ၎င်းတို့ကိုနည်းလမ်းပေါင်းစုံဖြင့်ထောက်ပံ့ပေးနေသော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများအပေါ်  ပိတ်ဆို့အရေးယူမှုများ ချမှတ်အကောင်အထည်ဖော်ရန်။
  •        မြန်မာပြည်သူများအပေါ် ဖိနှိပ်ချုပ်ချယ်ရန်ပြဋ္ဌာန်းထားသော ဥပဒေများကို ပြန်လည်ပြင်ဆင်ရန်နှင့် တရားစီရင်ရေးကို လက်နက်သဖွယ်အသုံးပြုနေခြင်းတို့ကိုရပ်တန့်ရန်။
  •        ထိန်းသိမ်းရေးစခန်းများနှင့် အကျဉ်းထောင်အခြေအနေများကို လွတ်လပ်စွာ စောင့်ကြည့်နိုင်ရန်။
  •        အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်နိုင်ရန်အတွက် တရားစီရင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရန်။

တိုက်တွန်းလှုံ့ဆော်ခြင်း (Advocacyသည် အသက်ရှင်ကျန်ရစ်သူများနှင့် ၎င်းတို့မိသားစုဝင်များ၏ အတွေ့အကြုံများအပေါ်အခြေခံ၍ နိုင်ငံတကာအနေဖြင့် မြန်မာ့အရေးအပေါ် ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန်နှင့် ကျူးလွန်သူများအား အရေးယူနိုင်ရန်အတွက် တိကျခိုင်မာစေရန်ဖြစ်သည်။ ထို တိုက်တွန်းလှုံ့ဆော်ခြင်း(Advocacy) မှတဆင့် အေအေပီပီ သည် နိုင်ငံရေးအကျဉ်းသားများကို မမေ့လျော့စေရန်၊ ကျူးလွန်သူများအားအပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေခြင်းကို တိုက်ဖျက်ရန်နှင့် မြန်မာနိုင်ငံ၏ လွတ်လပ်မှုနှင့် တရားမျှတမှုဆီသို့ ဦးတည်လျှောက်လှမ်းနေသော ရည်မှန်းချက်ကို ကမ္ဘာတဝှမ်းမှ ရှင်းလင်းပြတ်သားစွာ မြင်သာစေရန် လုပ်ဆောင်လျက်ရှိသည်။