⁨စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – နိုဝင်ဘာ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက် ၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ နိုဝင်ဘာ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၆၈၇) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက် စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၂၄၁၀) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်း ခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၅၂၃၂) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၇၂၅) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများ ပြင်းထန်လာသည်နှင့်အမျှ အကြမ်းဖက်စစ်အုပ်စုသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဘက်ဒေသများကို လေကြောင်းမှ အဆက်မပြတ် ပစ်မှတ်ထား တိုက်ခိုက် လျက်ရှိသည်။ နိုဝင်ဘာ ၁၃ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဗျာလစစ်ဘေးရှောင်စခန်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးများအပါအဝင် အရပ်သား တဒါဇင် သေဆုံးခဲ့ပြီး ၂၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နိုဝင်ဘာ ၁၄ ရက် တရက်တည်းမှာပင် ပြည်သူများ အသုံးပြုလျက်ရှိသည့် တံတား (၅) စင်းထက်မနည်းကို ထပ်မံဖျက်ဆီးခဲ့သည်။

အလားတူ ချင်းပြည်နယ်၊ ကန်ပက်လက်၊ မင်းတပ်နှင့် ကျင်ဒွေးမြို့များကို ပြန်လည်ရရှိရေးအတွက် အကြမ်းဖက်စစ်အုပ်စုသည် မေလမှစတင်၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခြင်း၊ လေကြောင်း နှင့် လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ခြင်းအပြင် ချင်း-မကွေး အစပ်ရှိ ဒေသများကို ဖြတ်လေးဖြတ်ဗျူဟာကိုပါ ကျင့်သုံးလျက်ရှိသည်။ ထိုသို့ ခြောက်လကျော်ကြာ ပြင်းထန်စွာ တိုက်ခိုက်ပိတ်ဆို့မှုများကြောင့် ကန်ပက်လက်မြို့နယ်တခုတည်းတွင်ပင် ဒေသခံပြည်သူ ၆၀၀၀ ကျော်မှာ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ အကျပ်အတည်းနှင့်အတူ တချို့မှာ ကျန်းမာရေးပြဿနာများ ကို ကြုံတွေ့နေကြရကြောင်း သိရှိရသည်။

ထိုကဲ့သို့ ဆိုးရွားပြင်းထန်သည့် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကိုကျူးလွန်ပြီး မြန်မာ့ အရေးနှင့်ပတ်သက်သည့် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ခြင်းမရှိသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ဆက်လက် ပိတ်ပင်ထားမှုအပေါ် ကြိုဆိုပါသည်။ ထို့အပြင် ပြစ်ဒဏ်မှကင်းလွတ်ခွင့်ရနေသည့် စစ်အုပ်စုကို အရေးယူနိုင်ရန်အတွက် အာဆီယံနိုင်ငံများက ဝိုင်းဝန်း လုပ်ဆောင်ပေးပါရန် တိုက်တွန်းအပ်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩