⁨စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – နိုဝင်ဘာ ၅ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက် ၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ နိုဝင်ဘာ ၅ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၆၅၆) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက် စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၂၂၆၃) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်း ခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၅၁၁၂) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၇၄၇) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ မကွေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၆) ဦးနှင့် အမျိုးသား (၂၁) ဦး၊ စုစုပေါင်း (၄၇) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီး ထိုအထဲတွင် အသက် ၁၈ နှစ်အောက်ကလေး (၉) ဦး ပါဝင်သည်။ အဆိုပါသေဆုံးသူများအနက် (၄၅) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့သည်။ အဆိုပါကာလအတွင်း ၎င်းဒေသ၌ အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၁၇) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

နိုဝင်ဘာလ ၃ ရက်နေ့၊ နေ့လယ် ၂ နာရီဝန်းကျင်အချိန်တွင် မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ရှိကျေးရွာများကို အကြမ်းဖက်စစ်အုပ်စု၏ ညောင်ဦးလေတပ်စခန်းမှ Gyrocopter များဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာများအတွင်းသို့ ဗုံးများကျရောက်ပေါက်ကွဲခဲ့သည်။ ယင်းတိုက်ခိုက်မှု အတွင်း ကျောက်ခွက်ကျေးရွာမှ အမည်ရ အတည်ပြုနိုင်သော ပြည်သူခြောက်ဦးနှင့် လယ်လန်းကျေးရွာမှ အမြင်အာရုံချို့ယွင်းနေသော အမည်စုံစမ်းဆဲ အဘွားအို တဦးတို့သည် ဗုံးစထိမှန်၍ သေဆုံးခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩