စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်


ရက်စွဲ – အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက် ၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၆၁၄) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက် စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၂၂၀၃) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်း ခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၅၀၀၆) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၀၄) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း နိုင်ငံအနှံ့ စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများ၏ နေအိမ်နှင့် အများပြည်သူဆိုင်ရာ နေရာများကို လေကြောင်းမှ ပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့ရာ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၌ ပီချောင်းဆုံ ကုန်သွယ်ရေးလှေဆိပ် တိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၉ ဦး သေဆုံးခဲ့သည်။ အလားတူ အောက်တိုဘာလ ၂၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းတောကျေးရွာ၌ လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင် ၅ ဦး သေဆုံးခဲ့သလို၊ ထိုနေ့တွင်ပင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့သည်။ ထို့ပြင် အောက်တိုဘာလ ၂၄ ရက်နေ့တွင်လည်း မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တောင်ရိုးကျေးရွာအနီး၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ရသည်။
ထို့ပြင် စစ်အုပ်စုသည် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံများကို မတရားဖမ်းဆီးခြင်းများကိုပါ ဆက်တိုက် ကျူးလွန်လျက်ရှိရာ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ကက္ကူကြီးကျေးရွာ၌ စစ်ဘေးရှောင် လူငယ်တဦးအပါအဝင် ဒေသခံလူငယ် ၄ ဦးကို အတင်းအဓမ္မ ဖမ်းဆီးသွားခဲ့သလို၊ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ အနောက်ကံတွင်း ကျေးရွာတွင်လည်း အောက်တိုဘာလ ၂၁ ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက်ကာ ဘုန်းကြီးကျောင်း၌ တပ်စွဲ၍ အောက်တိုဘာလ ၂၂ ရက်နေ့တွင် အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် အရပ်သား ၁၀ ဦးထက်မနည်းကို မတရား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မြေပြင်သတင်းအချက်အလက်များအရ သိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
