⁨စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – အောက်တိုဘာ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက် ၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ အောက်တိုဘာ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၅၆၅) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက် စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၂၁၉၄) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်း ခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၅၀၈၃) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၇၃၂) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတကာ၌ ၎င်းတို့အား တရားဝင်အသိအမှတ်ပြုစေရန် မည်မျှပင်ကြိုးပမ်းနေစေကာမူ ၎င်းတို့၏ အကြမ်းဖက်မှုများမှာ နေ့စဉ်နှင့်အမျှ ပိုမိုပြင်းထန်ဆိုးရွားလျက်ရှိသည်။ တဖက်တွင်လည်း နေပြည်တော်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဟန်ပြကျင်းပနေချိန်၌ပင် ၎င်း၏တပ်ဖွဲ့များသည် ဒေသအသီးသီးရှိ အရပ်သားပြည်သူလူထုကို ဦးတည်၍ လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်မြင့်၍ လုပ်ဆောင်လျက်ရှိသဖြင့် အစုလိုက်အပြုံလိုက် သေဆုံးမှုများလည်း ဖြစ်ပွားလျက်ရှိသည်။

အဆိုပါရက်များအတွင်း လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများအနေဖြင့် အောက်တိုဘာလ ၁၆ ရက်နေ့တွင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာ၌ အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ချောင်းဆုံကျေးရွာဝန်းကျင်၌ ပြည်သူ (၅) ဦးထက်မနည်း၊ မကွေးကိုင်း၊ ပခုက္ကူမြို့နယ်၊ အုန်းတောကျေးရွာ၌ ပြည်သူ (၅) ဦးတို့ သေဆုံးခဲ့ကြောင်းကို မြေပြင်သတင်း အချက်အလက်များအရ သိရှိရသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩