စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်


ရက်စွဲ – အောက်တိုဘာ ၉ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက် ၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ အောက်တိုဘာ ၉ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၅၁၉) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက် စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၂၀၈၄) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်း ခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၉၇၈) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၇၃၂) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ အောက်တိုဘာလ ၉ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ပညာရေးကဏ္ဍမှ ကျောင်းဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ သေဆုံးမှုအရေအတွက်မှာ အမျိုးသမီး (၁၂) ဦးနှင့် အမျိုးသား (၁၃) ဦး၊ စုစုပေါင်း (၂၅) ဦး ရှိခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေး (၁၄) ဦး ပါဝင်သည်။ အဆိုပါသေဆုံးသူများအနက် မကွေးတိုင်းနှင့် တနင်္သာရီတိုင်းမှာ (၇) ဦးစီဖြင့် သေဆုံးမှု အများဆုံးဖြစ်သည်။ သေဆုံးရသည့်အကြောင်းအရင်းအနေဖြင့် (၂၁) ဦးမှာ စစ်အုပ်စု၏လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့သည်။
အောက်တိုဘာလ ၃ ရက်နေ့၊ နံနက်အစောပိုင်းအချိန်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှဗုံးများကြဲချတိုက်ခိုက်ခဲ့ရာ ရပ်ကွက်များနှင့် ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ချွတ်ပြင်ကျေးရွာမှ နဝမတန်းကျောင်းသူ မမိုးမိုးနွယ်နှင့် ပြားချောင်းကြီးကျေးရွာမှ သက်ကြီးအမျိုးသား ဦးအောင်ကျော်သာတို့သည် ဗုံးစထိမှန်၍ သေဆုံးခဲ့သည်။
အဆိုပါကာလအတွင်း အကြမ်းဖက်စစ်အုပ်စုက နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ပညာရေးကဏ္ဍမှ အမျိုးသမီး (၂) ဦးကို ရန်ကုန်တိုင်းအတွင်း၌ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
