စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက် ၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၃၇၁) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက် စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၉၂၀) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်း ခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၈၁၁) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၇၄) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။

စက်တင်ဘာလအတွင်းတွင် အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများနေထိုင်ရာဒေသများကို ဦးတည်၍ တိုက်ခိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ရာ အရပ်သားသေဆုံးမှုများမှာလည်း ဆက်လက် မြင့်တက်နေဆဲဖြစ်သည်။ အေအေပီပီမှ ကောက်ယူရရှိထားသည့်သတင်းအချက်အလက်များ အရ စက်တင်ဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ အမည်ရနှင့် အမည်စုံစမ်းဆဲ အရပ်သားပြည်သူ (၆၂) ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုအပါအဝင် အမျိုးမျိုးသော တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ သည်။

စက်တင်ဘာ ၇ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာကို စစ်အုပ်စုက လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ခုနစ်ဦး သေဆုံးခဲ့သလို၊ စက်တင်ဘာ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ ဂွမြို့နယ်တို့ကို ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ (၅) ဦးသေဆုံးခဲ့ပြီး (၆) ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩