စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – စက်တင်ဘာ ၃ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက် ၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာ ၃ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၃၃၄) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက် စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၈၇၅) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်း ခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၇၈၁) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၇၁) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၃၆) ဦးနှင့် အမျိုးသား (၈၀) ဦး၊ စုစုပေါင်း (၁၁၆) ဦးအား နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ ဖမ်းဆီးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်။ ထို့ပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်းရှိ စစ်အုပ်စု၏ လက်အောက်ခံတရားရုံးများ၌ အမျိုးသမီး (၁၅) ဦးနှင့် အမျိုးသား (၅၀) ဦး၊ စုစုပေါင်း (၆၅) ဦးကို မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခဲ့သည်။ ထိုအရေအတွက်တွင် မန္တလေးတိုင်းမှာ (၁၇) ဦးဖြင့် အများဆုံးဖြစ်ပြီး ပဲခူးတိုင်းမှာ (၁၄) ဦးဖြင့် ဒုတိယအများဆုံးဖြစ်သည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင်နေထိုင်သည့် ဦးမြဝင်းသည် အာရက္ခတပ်မတော် (AA) ကို ထောက်ပံ့မှုများပြုလုပ်သည်ဟုစွပ်စွဲခြင်းခံခဲ့ရပြီး ၂၀၂၃ ခုနှစ်တွင် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီးနောက် မတရားအသင်းများအက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် (၃) နှစ် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ ၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် ၎င်းသည် လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာခဲ့ သော်လည်း ထောင်ဗူးဝ၌ပင် ထပ်မံဖမ်းဆီးခြင်းခံခဲ့ရပြီး ဇွန်လ ၈ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က) တို့ဖြင့် ထောင်ဒဏ် (၁၀) နှစ် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩