၂၀၂၆၊ ဩဂုတ် တလတာအနှစ်ချုပ်အစီရင်ခံစာ

၂၀၂၆၊ ဩဂုတ် ၁ ရက်မှ ၃၁ ရက်ထိ

စက်တင်ဘာလ ၃ ရက်၊ ၂၀၂၆ ခုနှစ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ တလတာအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသူ (၁၄) ဦးရှိခဲ့သည်။ ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၉၄) ဦး သေဆုံးခဲ့သည်။ အဆိုပါအရေအတွက်တွင် ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၇) ဦး ပါဝင်သည်။

ဖော်ပြပါကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီက လက်လှမ်းမီသမျှကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များကို ထည့်သွင်းထားခြင်းဖြစ်ကာ မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အတည်ပြုရန်လိုအပ်နေသည့် တလအတွင်း သေဆုံးခဲ့သူ (၅၈) ဦး ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူတွေအပေါ် လေကြောင်းမှတိုက်ခိုက်မှုအပြင် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးစဉ် မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းများကို နေ့စဉ်ရက်ဆက်ကျူးလွန်လျက်ရှိနေပါတယ်။ အလားတူ အကျဉ်းထောင်တွင်း ဆေးဝါးကုသမှုလုံလောက်စွာ မရရှိသည့်အတွက် သေဆုံးမှုများလည်း ကြုံတွေ့နေရပါတယ်။ ဒီဖြစ်စဉ်တွေက စစ်အုပ်စုအနေဖြင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများကို ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိကြောင်း ထင်ရှားနေပါတယ်။ ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအား လုံးဝအသိအမှတ်မပြုဘဲ အခုထက်ပိုတဲ့ ဖိအားပေးမှုတွေဆက်လက်လုပ်ဆောင်ပေးဖို့လိုအပ်နေပါတယ်။ အခုလိုရက်စက်မှုတွေကို ကျူးလွန်နေကြသူတွေ၊ အားပေးကူညီသူတွေ၊ အမိန့်ပေးစေခိုင်းသူတွေအားလုံး ထိုက်သင့်တဲ့အပြစ်ပေးအရေးယူမှုခံကြရမှာဖြစ်သလို နစ်နာခံစားခဲ့ကြသူတွေအတွက် တရားမျှတမှုပြန်လည်ရရှိအောင် ကြိုးစားကြဖို့ လိုအပ်ပါတယ်။

အောင်မျိုးကျော်၊ အေအေပီပီ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩