စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဩဂုတ် ၂၄ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၃၀၂) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၈၁၅) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၇၃၈) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၆၇) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံတဝန်း အကျဉ်းထောင်များအတွင်းရှိ အကျဉ်းသားများ၏ အသက်ရှင်သန်ခွင့်အပါအဝင် အခြေခံလူ့အခွင့်အရေးများသည် နေ့စဉ်နှင့်အမျှ ချိုးဖောက်ခံနေကြရသည်။ သွေးကင်ဆာရောဂါခံစားနေရသော နိုင်ငံရေးအကျဉ်းသား ကိုချစ်ကိုဝင်း (ခ) သောင်ကြီးအား လုံလောက်သော ဆေးဝါးကုသခွင့်မပေး၍ ကသာအကျဉ်းထောင်၌ ယခုဩဂုတ်လအတွင်း သေဆုံးစေခဲ့ခြင်းကလည်း အကြမ်းဖက်စစ်အုပ်စု၏ ထောင်တွင်းဖိနှိပ်မှု၊ ဆေးဝါးကုသခွင့် ကန့်သတ်ထားမှုတို့ကို မီးမောင်းထိုးပြလျက်ရှိသော ဖြစ်စဉ်များအနက်မှ တခုဖြစ်သည်။

ထို့အပြင် စစ်အုပ်စုသည် ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိသည်။ ဩဂုတ်လ ၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ဖောထကျေးရွာရှိ ဘုန်းကြီးကျောင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကျောင်းထိုင်ဆရာတော်တပါး ပျံလွန်တော်မူခဲ့သည်။ အလားတူ ဩဂုတ်လ ၂၁ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာရှိ ဘုန်းကြီးကျောင်းကို လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် ကျောင်းထိုင်ဆရာတော်အပါအဝင် အရပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မြေပြင်သတင်းအချက်အလက်များအရ သိရှိရသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩