စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်


ရက်စွဲ – ဇူလိုင် ၃၁ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇူလိုင် ၃၁ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရ သည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၂၂၂) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၆၁၉) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၆၃၅) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၉၀၈) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက် စစ်အုပ်စုကြောင့် အမျိုးသမီး (၁၈) ဦးနှင့် အမျိုးသား (၅၆) ဦး၊ စုစုပေါင်း (၇၄) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေး (၈) ဦး ပါဝင်သည်။ အဆိုပါသေဆုံးသူများအနက် မကွေးတိုင်းမှာ (၃၀) ဦးဖြင့် သေဆုံးမှုအများဆုံးဖြစ်ပြီး၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်၌ (၁၃) ဦးစီဖြင့် ဒုတိယအများဆုံး ဖြစ်သည်။ အဆိုပါကာလအတွင်း အတည်ပြုရန် လိုအပ်နေဆဲ သေဆုံးအရပ်သား (၅၂) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင် ရန် ဆောင်ရွက်လျက်ရှိသည်။
ဇူလိုင်လ ၂၈ ရက်နေ့၊ နံနက် ၁၀ နာရီခွဲဝန်းကျင်အချိန်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်အုပ်စု၏တပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပေါက်ကန်ဘူတာကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာမှ စစ်ဘေးရှောင်ပြည်သူ ဦးမြင့်သန်းသည် ဗုံးစထိမှန်၍ သေဆုံးခဲ့သည်။ ထို့အပြင် စမွန်းကျေးရွာအတွင်းသို့လည်း ဗုံးကျရောက် ပေါက်ကွဲခဲ့သဖြင့် ဒေသခံအမျိုးသမီး မမြင့်မော်သည် ဗုံးစထိမှန်ကာ သေဆုံးခဲ့သည်။
အဆိုပါကာလအတွင်း အကြမ်းဖက်စစ်အုပ်စုက နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ အမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၇) ဦး စုစုပေါင်း (၈) ဦး ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အဆိုပါ (၈) ဦးတွင် ဧရာဝတီတိုင်းမှ (၄) ဦး၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် (၁) ဦးစီ ပါဝင်သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
