သင်တန်းများ မိတ်ဆက်
သင်တန်း မိတ်ဆက်
အေအေပီပီသည် မြန်မာနိုင်ငံတဝန်းတွင် လူ့အခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းများနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်မြှင့်တင်ရေး သင်တန်းများအပြင် အသိပညာပေး ဆွေးနွေးပွဲများကိုလည်း ပို့ချပေးခဲ့ပါသည်။
အကြမ်းဖက်စစ်အုပ်စုမှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် အဆိုပါသင်တန်းများကို အွန်လိုင်းပလက်ဖောင်း မှ တဆင့် ဆက်လက်လုပ်ဆောင်ခဲ့ပြီး ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (စီဒီအမ်) တွင် ပါဝင်သူများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးပါတီဝင်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများထံသို့ ချဉ်းကပ် ဆောင်ရွက်နိုင်ခဲ့ပါသည်။
သင်တန်း တက်ရောက်သူများနှင့် ဖွဲ့စည်းထားသော ကွန်ရက်များမှတစ်ဆင့် နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ သတင်းအချက်အလက်များကို အေအေပီပီ မှတ်တမ်းနှင့် သုတေသနဋ္ဌာနဆီသို့ ပံ့ပို့ပေးပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ရည်မှန်းချက်
သင်တန်းများ၏ ရည်မှန်းချက်မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားလူငယ်များ၊ အမျိုးသမီးများ၊ လိင်စိတ်ခံယူမှု ကွဲပြားသူ ( LGBT+ ) များ၊ ကျောင်းသား/သူများ၊ နိုင်ငံရေးပါတီဝင်များနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကို လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းပြုစုရေး၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု လုပ်ငန်းစဉ်များနှင့် စိတ်ပိုင်းဆိုင်ရာပြန်လည်မြှင့်တင်ရေး လုပ်ငန်းစဉ်များကို ပိုမိုနက်ရှိုင်းစွာ နားလည်နိုင်ရန်အတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးခြင်းဖြင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်ဖြစ်ပြီး အနာဂတ်ကာလ တာဝန်ခံမှု ဖော်ဆောင်ရေး ကြိုးပမ်းအားထုတ်မှုများကိုလည်း အထောက်အကူပြုရန် ဖြစ်ပါသည်။
လုပ်ငန်းများ
အေအေပီပီသည် အောက်ပါသင်တန်းများကို ပြုလုပ်လျက် ရှိသည်။
- လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်းများ (အခြေခံ၊ မွမ်းမံ) နှင့် အသိပညာပေး ဆွေးနွေးပွဲများ။
- နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (IHL) သင်တန်းနှင့် အသိပညာပေး ဆွေးနွေးပွဲများ။
- စိတ်ဖိစီးမှုဆိုင်ရာ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိစေသော လူထုအသိပညာပေးခြင်း သင်တန်းများ။
- Individual and group CETA Psycho-Social Support Provider သင်တန်းများ။
- CETA counselor သင်တန်းများ။
- CETA Crisis Intervention သင်တန်းများ။
- စိတ်ကျန်းမာရေးဆိုင်ရာ လူထုအလုပ်ရုံဆွေးနွေးပွဲများ။
လုပ်ဆောင်ပုံ
အဓိပ္ပာယ်ပြည့်ဝသော သင်ယူမှုနှင့် လက်တွေ့အကျိုးရလဒ်များ ရရှိစေရန်အတွက် သင်တန်းအားလုံးကို မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီအောင် ဆက်စပ်ပေးပြီး အပြန်အလှန်ဆက်သွယ်မှုရှိသည့် (Interactive)၊ ပါဝင်မှုအသားပေးသည့် (Participatory) ၊ အားလုံးပါဝင်သည့် (Inclusive) နှင့် လိုက်လျောညီထွေရှိသည့် (Adaptive)နည်းလမ်းများဖြင့် ပို့ချပေးလျက် ရှိပါသည်။
