စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဇူလိုင် ၂၀ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇူလိုင် ၂၀ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရ သည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၁၈၆) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၅၃၉) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၅၈၁) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၉၂၁) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုက ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်စသည့် တိုင်းနှင့်ပြည်နယ်တချို့ရှိ ကျေးရွာများ၊ စာသင်ကျောင်းများနှင့် အရပ်သားများနေထိုင်ရာနေရာများကို လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် အရပ်သားပြည်သူများအပေါ် နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်မှုများကိုလည်း ကျူးလွန်လျက်ရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ကျောင်းသား တဦးအပါအဝင် အရပ်သား (၄၈) ဦး သေဆုံးခဲ့ပြီး အရပ်သားပြည်သူနှင့် ကျောင်းသား အများအပြားလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ဇူလိုင်လအတွင်း စစ်အုပ်စုက မကွေးတိုင်းအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင် (ပကဖ) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) စုစုပေါင်း (၂၀) ဦးဝန်းကျင်ကို ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်ကာ ပစ်သတ်ခဲ့သည့်အပြင်၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း အရပ်သား ငါးဦးကို သတ်ဖြတ်ခဲ့ကြောင်း မြေပြင်သတင်းအချက်အလက် များအရ သိရှိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

