နိုင်ငံတကာ အမျိုးသမီးများနေ့
နိဒါန်း
ကမာ္ဘပေါ်ရှိအမျိုးသမီးတိုင်းသည် အကြမ်းဖက်ခံရခြင်းများ၊ ပုံစံသေ ချမှတ်ခံထားရသည့် ခွဲခြားဆက်ဆံမှုများမှ လွတ်ကင်းသော တန်းတူညီမျှရှိသည့် အနာဂတ်နှင့် ထိုက်တန်မှုရှိပြီး ထိုကဲ့သို့ အခွင့်အရေးများကို ရရှိ ခံစားနိုင်ရန်အတွက် ဆုံးဖြတ်ချက်ချမှတ်ရမည့်နေရာတိုင်းတွင်အမျိုးသမီးပါဝင်နိုင်မှုကို ဖန်တီးရမည် ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ယနေ့ကျရောက်သော နိုင်ငံတကာအမျိုးသမီးများနေ့အတွက် ဆောင်ပုဒ်မှာ “Women in Leadership: Achieving an Equal Future in a COVID-19 World” ဟူ၍ ဖြစ်သည်။ ကမာ္ဘနိုင်ငံ အသီးသီးက ကပ်ရောဂါအတွက် ဦးစားပေးတိုက်ပွဲဝင်နေကြပြီး အနာဂတ်ကာလတွင် အမျိုးသမီးများ၏ခေါင်းဆောင်မှု အခန်းကဏ္ဍကို တိုးမြှင့်လာအောင် ကြိုးစားဆောင်ရွက်နေကြသည့် အချိန်၌ မြန်မာနိုင်ငံရှိ အမျိုးသမီးထု တစ်ရပ်လုံးမှာမူ ကမာ္ဘ့ကပ်ရောဂါဘေးကို တိုက်ထုတ်နေရသည်သာမက မင်းဆိုးမင်းညစ်ဘေးကိုပါ တွန်းလှန် တိုက်ပွဲဝင်နေကြရသည်။
နိုင်ငံရေးတွင်ပါဝင်မှု
ယနေ့အချိန်တွင် ကမာ္ဘ့နိုင်ငံ ၂၂ နိုင်ငံ၏ နိုင်ငံ့အကြီးအကဲရာထူးကို အမျိုးသမီးများက နေရာယူထားပြီး နိုင်ငံအသီးသီး၏ လွှတ်တော်များ၌ အမျိုးသမီးပါဝင်မှုမှာ ၂၄.၉ ရာခိုင်နှုန်းရှိနေသည်ဟု UN Women Website ၏ ဖော်ပြချက်တွင် တွေ့ရသည်။ မြန်မာနိုင်ငံတွင်လည်း အမျိုးသမီးများ၏ နိုင်ငံ့ဦးဆောင်မှုကဏ္ဍနှင့် လွှတ်တော်တွင်း ပါဝင်မှုမှာ စစ်အုပ်စုမှ အယောင်ပြ ကျင်းပပေးခဲ့သည့် ၂၀၁ဝ ရွေးကောက်ပွဲတွင် ၃.၅ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ဒုတိယအကြိမ် လွှတ်တော်သက်တမ်းဖြစ်သည့် ၂၀၁၅ ခုနှစ်တွင် ၁၁.၃၂ ရာခိုငျနှုနျးအထိ တိုးတကျလာခဲ့ကြောင်း ၂၀၁၉ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စစ်တမ်းအရ သိရှိရသည်။
မြန်မာအမျိုးသမီးများ၏ နိုင်ငံရေးတွင် စိတ်ပါဝင်စားမှုနှင့် တက်ကြွစွာပါဝင်မှုတို့မှာ လွတ်လပ်ရေး ကြိုးပမ်းမှုခေတ်ကတည်းက အထင်အရှားရှိခဲ့ဖူးသလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လှုပ်ရှားမှုများ တွင်လည်း တွေ့မြင်နိုင်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို တတိယ အကြိမ်မြောက် ခံခဲ့ရသော မြန်မာပြည်သူလူထု၏ တခဲနက် အုံကြွ တော်လှန်မှုတွင်လည်း အမျိုးသမီးများ၊ အထူးသဖြင့် ပထမဆုံးအကြိမ် ဆန္ဒမဲပေးခွင့် ရခဲ့သော မိန်းမငယ်လေးများမှာ တက်တက်ကြွကြွဖြင့် အင်တိုက် အားတိုက် စစ်အာဏာသိမ်းမှုကို တွန်းလှန်လျက်ရှိနေကြသည်။ အနယ်နယ်အရပ်ရပ်ရှိ ဆန္ဒပြအမျိုးသမီးထုတွင် အသက်အရွယ်ကြီးရင့်နေသည့် သက်ကြီးရွယ်အိုအမျိုးသမီးများ၊ အလွှာစုံ နေရာစုံမှ ကျရာကဏ္ဍ တွင် ပါဝင်တော်လှန်နေကြသည့် အမျိုးသမီးများ၊ မိန်းမသားဟူ၍ ဆန္ဒပြပွဲ၏ နောက်တန်းမှာမနေ၊ စစ်အုပ်စု၏ အသံဗုံး၊ မျက်ရည်ယိုဗုံး၊ ကျည်စစ်ကျည်မှန်များကို မမှုဘဲ ရှေ့ဆုံးတန်းမှ ဦးဆောင်တိုက်ပွဲဝင်နေသည့် မိန်းကလေးငယ်များကိုလည်း ယနေ့စစ်အာဏာရှင်တော်လှန်ရေးတွင်တွေ့မြင်နိုင်သည်။
ဆန္ဒပြပွဲဖြိုခွင်းမှု
ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည့် မြန်မာပြည်တဝှမ်းရှိ ဒီမိုကရေစီ တိုက်ပွဲဝင်သူများအား စစ်တပ် လက်အောက်ခံ လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နင်းသည့် ကိရိယာ များဖြစ်သော ရေကား၊ မျက်ရည်ယိုဗုံး၊ မီးခိုးဗုံး၊ အသံဗုံး၊ ရာဘာကျည်တို့ကို အသုံးပြု၍ ဖြိုခွင်းခဲ့ရုံသာမက သံမူလီများ၊ ဖန်ဂေါ်လီများသုံး၍ လေးခွဖြင့်ပစ်ခတ်ခြင်း၊ နံပါတ်တုတ်ဖြင့် အပြင်းအထန်ရိုက်နှက်ခြင်းတို့အပြင် လူ့အသက်ကိုသေစေသည်အထိ စနိုက်ပါများ၊ ကျည်စစ်ကျည်မှန်များကိုပါ အသုံးပြု၍ ကြမ်းတမ်းစွာ ဖြိုခွင်းခဲ့သည်။ ဆန္ဒပြပွဲများ စတင်ပြီး မကြာမီမှာပင် ရဲတပ်ဖွဲက ကျည်အစစ်များကို အသုံးပြု၍ ကြမ်းတမ်းစွာ ဖြိုခွင်းမှုများကြောင့် ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လည်တွင် နေပြည်တော်၌ ဆန္ဒပြကျောင်းသူ အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်မှာ ဦးခေါင်းကို ကျည်ထိမှန်၍ ၁၉ ရက်နေ့တွင် သေဆုံးခဲ့ရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ အဓိကရုဏ်းဖြိုခွင်းရာတွင် လိုက်နာဆောင်ရွက်ရမည့် မူများကို အတိအလင်း ချိုးဖောက်၍ ခါးအပေါ်ပိုင်း အသက်အန္တရာယ်ထိခိုက်စေနိုင်လောက်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ချိန်ရွယ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ကို မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ် ၁၃ ခုနှင့် နေပြည်တော် ကောင်စီနယ်မြေတို့၌ အကြမ်းဖက်နှိမ်နင်းခဲ့သော ဆန္ဒပြပွဲ ဖြိုခွင်းမှုများတွင် ထင်ရှားစွာ တွေ့မြင်ရသည်။ ထို့အပြင် လက်နက်မပါသည့် အဖမ်းဆီးခံအမျိုးသမီးများအား ရိုက်နှက်နှိပ် စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားသော စကားများဖြင့် ကြမ်းတမ်းစွာ ပြောဆိုခြင်းများကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြုလုပ် လျက်ရှိသည်။
ဖမ်းဆီးခြင်း
အမျိုးသမီးများသည် နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှု နှင့် နိုင်ငံရေးလှုပ်ရှားမှု များတွင် တက်တက်ကြွကြွပါဝင်ခြင်းကို အာဏာသိမ်းစစ်အုပ်စုမှ အပြင်းအထန် ဖိနှိပ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အုပ်စုမှ ၎င်းတို့ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ အဆိုပါ အာဏာသိမ်းမှုဖြစ်စဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရထိပ်တန်းအဖွဲ့ဝင် အမျိုးသမီးများ၊ လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးများသည် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့နောက် အာဏာရှင်စနစ်ကို တွန်းလှန်သည့် နွေဦးတော်လှန်ရေးပေါ်ပေါက်လာခဲ့သည်။ နွေဦးတော်လှန်ရေး၌ နယ်ပယ်အသီးသီးမှ အမျိုးသမီးများသည် တက်ကြွစွာဖြင့် ပါဝင်လျက်ရှိပြီး ရဲ နှင့် စစ်တပ်တို့မှ ဆက်တိုက်ဆိုသလို ရက်စက်စွာဖြင့် အကြမ်းဖက် ဖြိုခွင်းခဲ့ကြသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ထိတိုင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သတင်းထောက် အမျိုးသမီး (၆) ဦး အပါအဝင် အမျိုးသမီး စုစုပေါင်း (၅၁၈) ဦးအထိ ရှိခဲ့ပြီဖြစ်သည်။ ၎င်းတို့အနက်မှ (၉) ဦးမှာ ဖမ်းဝရမ်းထုတ်ခြင်းခံထားရ သောကြောင့် တိမ်းရှောင်နေကြရပြီး (၇၉) ဦးမှာ လွတ်မြောက်လာခဲ့သည်။ ထို့ကြောင့် ဖမ်းဝရမ်းထုတ်ခြင်း ခံထားရသည့် အမျိုးသမီး (၉) ဦးအပါအဝင် အမျိုးသမီး (၄၃၉) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆိုခြင်းခံထားရသည်။
အထက်ပါ အချက်အလက်များမှာ အေအေပီပီမှ ရရှိထားသော အရင်းအမြစ်များအပေါ်အခြေခံ၍ ကောက်ယူ စုဆောင်းထား ခြင်းဖြစ်ပြီး ဖမ်းဆီး၊တရားတရားစွဲဆိုမှုများမှာ ယခုထက်ပိုမို များပြားပါသည်။
အမျိုးသမီးများကို ဖမ်းဆီးသည့်အခါ ရဲ နှင့် စစ်တပ်တို့မှ အင်အားသုံး၍ လူမဆန်စွာ ဖမ်းဆီးသည်ကို တွေ့ရှိရသည်။ ထိုကဲ့သို့ ဖမ်းဆီးရာ တွင် ရဲတပ်သားများကသာ အများဆုံးဖမ်းဆီးပြီး ကာယအိန္ဒြေ ပျက်ပြားစေသည်အထိ ရိုက်နှက် ကန်ကြောက်၍ အချုပ်ကားပေါ်သို့ ပစ်တင် ဖမ်းဆီးခြင်း၊ တုတ်များဖြင့် ရိုက်နှက်ခြင်း၊ ညအချိန်တွင် အိမ်များကို စီးနင်းဝင်ရောက်၍ အဓမ္မဆွဲခေါ်သွားခြင်း စသည့် ရက်စက်သည့်နည်းများဖြင့်သာ ဖမ်းဆီးလျက်ရှိသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အပိုဒ် ၂၁(ခ) တွင် “တရားရုံး၏ ခွင့်ပြုချက်မရရှိက နိုင်ငံသားတစ်ဦးကို ၂၄ နာရီထက် ကျော်လွန်၍ ချုပ်နှောင်ထားခွင့် မရှိစေရ” ဟုဖော်ပြထားသော်လည်း အမျိုးသမီးရာပေါင်းများစွာသည် ဥပဒေသတ်မှတ်ချက်ကင်းမဲ့၍ တရားမဲ့စွာဖြင့် မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံထားကြရဆဲဖြစ်သည့်အပြင် ၎င်းတို့ကို ကိုယ်စားပြုမည့်ရှေ့နေဖြင့်လည်း တွေ့ခွင့်ရရှိခြင်းမရှိပါ။ ထို့ပြင် အမျိုးသမီးများကို ထိန်းသိမ်းထားစဉ်အခါ၌လည်း နှုတ်အားဖြင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်၍ စော်ကားလျက်ရှိသည်ကို တွေ့ရှိရပြီး ရဲစခန်းအချုပ်၊ အကျဉ်းထောင်များတွင် အထိန်းသိမ်းခံရစဉ် ကာလ၌ လည်း လူဦးရေထူထပ်ကျပ်တည်းစွာနေရခြင်း၊ အစားအသောက် အနေအထိုင် ဆင်းရဲခြင်း စသည့်အခြေအနေများကို ရင်ဆိုင်ကြရလျက်ရှိသည်။
ကျဆုံးသွားသည့်အမျိုးသမီးများ
ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးတို့အတွက် စစ်အာဏာရှင်ကို ဆန့်ကျင် တွန်းလှန်လျက်ရှိ ရင်း ကျဆုံးသွားခဲ့သော အမျိုးသမီးများစွာရှိခဲ့ပါသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးသွားကျသည့် နေပြည်တော်မှ မမြသွဲ့သွဲ့ခိုင်၊ ရန်ကုန် လှိုင်သာယာမှ ဆရာမ ဒေါ်တင်နွဲ့ရီ မန္တလေးမှ မဒေစီ (ခ) အပုနှင့် မကြယ်စင်၊ မုံရွာမှ မမြင့်မြင့်ဇင် (ခ) ကြည်လင်အေးနှင့် မကျော့နန္ဒာအောင်စသည့် အသက် ၁၉ နှစ်မှ ၅၉ နှစ်ကြား အမျိုးသမီး (၆) ဦး အထိရှိခဲ့ပြီဖြစ်သည်။
ထိုကဲ့သို့ ကျဆုံးသွားသည့်အမျိုးသမီးများအနက် မန္တလေးမြို့မှ အသက် (၁၉) နှစ်အရွယ်ရှိ မကြယ်စင်သည် ၂၀၂ဝ ရွေးကောက်ပွဲတွင် ပထမအကြိမ် မဲပေးခွင့်ရခဲ့သည်။ အာဏာရှင်တို့ မှ နိုင်ငံတော် အာဏာကို သိမ်းယူသွားခဲ့သည့် အတွက် သူမဆုံးရှုံးသွားခဲ့ရသော အခွင့်အရေး များရရှိရန် စစ်အာဏာရှင်ကို စွမ်းစွမ်းတမံ တိုက်ထုတ်ခဲ့သည်။ အာဏာသိမ်းမှု ကာလ အတွင်းတွင် သူမသည် နေ့စဉ်ရက်ဆက် ရှေ့တန်းမှနေ၍ စစ်အာဏာရှင်ကို တွန်းလှန်ခဲ့သူဖြစ်သည်။ မတ်လ ၃ ရက်နေ့တွင် မန္တလေးမြို့၌ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိသော လူထုကို ရဲ နှင့် စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်း နေစဉ်အတွင်း သူမသည် ဦးခေါင်းကို ကျည်ထိမှန်၍ နေရာတွင်ပင် ကျဆုံးသွားခဲ့သည်။
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သော အသက် ၅၉ နှစ်အရွယ် အလယ်တန်းပြဆရာမတစ်ဦးဖြစ်သူ ဒေါ်တင်နွဲ့ရီသည် အာဏာသိမ်းကာလအတွင်း အာဏာဖီဆန်သော လှုပ်ရှားမှု (CDM) ၌ပါဝင်ခဲ့သူဖြစ်သည်။ ၂၀၂ဝ ရွေးကောက်ပွဲတွင် ဆရာ/ဆရာမများ တာဝန်ယူထားရသည့် မဲစာရင်းများ မှားယွင်းမှုများရှိသည်ဟူသည့် စွပ်စွဲချက်များရှိ လာပြီးနောက် အာဏာသိမ်းမှုများပေါ်ပေါက်ခဲ့ပြီး ဆရာမ ဒေါ်တင်နွဲ့ရီသည်လည်း အခြားပညာရေးဝန်ထမ်းများနှင့်အတူ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အောက်ကြည့်မြိုင်တိုင်လမ်းရှိ ဆရာ၊ ဆရာမများသပိတ်စစ်ကြောင်းကို ရဲ နှင့် စစ်တပ်တို့မှ အသံဗုံးများ၊ မျက်ရည်ယိုဗုံးများ နှင့် သေနတ်များဖြင့်ပစ်ခတ်ကာ စုရပ်၌ပင် အကြမ်းဖက် ဖြိုခွင်းခဲ့သည်။ ထိုကဲ့သို့ဖြိုခွင်းရာတွင် ဆရာမဒေါ်တင်နွဲ့ရီသည် ၎င်း၏ ခန္ဓာကိုယ်ဖြင့် အခြားသူများကို ကာကွယ်ပေးရင်း လက်မောင်းကို ကျည်ထိမှန်ခဲ့သည့်အပြင် မျက်ရည်ယိုဗုံးဒဏ်လည်း ခံစားခဲ့ရသည်။ ထို့ကြောင့် ရင်ကြပ်ရောဂါအခံရှိသော ဆရာမဒေါ်တင်နွဲ့ရီသည် နာကျင်မှုဒဏ် နှင့် မျက်ရည်ယိုဗုံးဒဏ်တို့ကြောင့် လူနာတင်ယာဉ်ပေါ်၌ပင် ကျဆုံးသွားခဲ့သည်။
အလွှာပေါင်းစုံမှ အမျိုးသမီးအသီးသီးတို့သည် လူထုတော်လှန်ရေး ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ကို ပဓာနမထားပဲ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်လျက်ရှိရာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
နိဂုံးချုပ်

ရဲတပ်ဖွဲ့သည် ပြည်သူများ အထူးသဖြင့် ထိခိုက်လွယ်သူများကို အလုံးစုံ ကာကွယ်မှုပေးရန် တာဝန်ရှိသည်။ သို့သော်လည်း အာဏာသိမ်း စစ်အုပ်စုသည် နေ့စဉ်နှင့်အမျှ အမျိုးသမီးများ၊ အသက်အရွယ် ကြီးရင့်သော အဘွားအိုများ နှင့် မိန်းခလေးငယ် များပါမချန် နေ့စဉ်နှင့်အမျှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန် လျက်ရှိသည်။ ၁၉၉ရ ခုနှစ်တွင် မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW) ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုကဲ့သို့ လက်မှတ်ရေးထိုးခြင်းအားဖြင့် မြန်မာနိုင်ငံသည် အမျိုးသမီးများအပေါ် ခွဲခြား ဆက်ဆံမှုများကို အဆုံးသတ်ရန် ကတိပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါသဘောတူစာချုပ်ကို လက်မှတ်ရေးထိုး သို့မဟုတ် သဘောတူလိုက်နာသော နိုင်ငံများသည် အဆိုပါပြဌာန်းချက်များအတိုင်း တရားဝင်ကျင့်သုံးဆောင်ရွက် ရမည်ဖြစ်သည်။ သို့သော်လည်း တရားမဝင်သောနည်းဖြင့် အာဏာကိုသိမ်းယူခဲ့သော စစ်အုပ်စု၏ အဆိုပါ သဘောတူစာချုပ်ကို နေ့စဉ်နှင့် အမျှဖောက်ဖျက်လျက်ရှိခြင်းသည် အမျိုးသမီးများ၏ အခွင့်အရေးများကို မထီမဲ့မြင်ပြုခြင်း နှင့် အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်းဖြစ်ပြီး ၎င်းတို့၏တရားမဝင်မှုကို ထပ်မံ အတည်ပြုခြင်းဖြစ်သည်။
တိုက်တွန်းချက်များ
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး (အေအေပီပီ) မှ ယနေ့ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့၌ အောက်ပါအချက်များကို အမြန်ဆုံးအကောင်အထည်ဖော်ရန် တိုက်တွန်းအပ်ပါသည်။
ဖမ်းဆီး၊ ထိန်းသိမ်းခြင်းခံထားရသော အမျိုးသမီးများကို ချက်ချင်းလွှတ်ပေးရန် နှင့် ၎င်းတို့ကို စွဲဆိုထားသော စွဲချက်များကို ရုတ်သိမ်းရန်
အမျိုးသမီးများကို ပစ်မှတ်ထား၍ ရက်စက်ကြမ်းကြုတ်သော ဖြိုခွင်းမှုများ၊ လိင်ပိုင်းဆိုင်ရာ စော်ကား အမြတ်ထုတ်မှုများ နှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အနာတရဖြစ်စေမှုများကို အဆုံးသတ်ရန်
အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW) ၏ ကျင့်ဝတ်များကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက် ရန်
တရားမဝင် အာဏာသိမ်းမှုကို ပယ်ဖျက်ရန်
ယခုအသုံးပြုထားသည့်ဓါတ်ပုံပိုင်ရှင်များနှင့် သတင်းဌာနများအား လေးစားစွာဖြင့် Credit ပေးပါသည်။
ဆန်ဒပွပှဲဖွိုခှငျးမှု








