၂၀၂၆၊ မေ တလတာအနှစ်ချုပ်အစီရင်ခံစာ
၂၀၂၆၊ မေ ၁ ရက်မှ ၃၁ ရက်ထိ
ဇွန်လ ၃ ရက်၊ ၂၀၂၆ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၆ ခုနှစ်၊ မေလ တလတာအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ (၇) ဦးရှိခဲ့သည်။ ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၄၉) ဦး သေဆုံးခဲ့သည်။ အဆိုပါအရေအတွက်ထဲတွင် ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၃) ဦး ပါဝင်သည်။
ဖော်ပြပါကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီက လက်လှမ်းမီသမျှကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များကို ထည့်သွင်းထားခြင်းဖြစ်ကာ မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အတည်ပြုရန်လိုအပ်နေသည့် တလအတွင်း သေဆုံးခဲ့သူ (၇၃) ဦး ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။
“စစ်အုပ်စုရဲ့ ရက် ၁၀၀ စီမံကိန်းဆိုတာ ငြိမ်းချမ်းရေးအတွက် မဟုတ်ဘဲ အပြစ်မဲ့ ကလေးတွေ၊ အမျိုးသမီးတွေ၊ စာသင်ကျောင်းတွေ၊ သာသနိက အဆောက်အအုံတွေကို လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်၊ ဖျက်ဆီးဖို့နဲ့ ပြည်သူတွေကို အကြောက်တရားနဲ့ ဖိနှိပ်အုပ်ချုပ်ဖို့ လုပ်ဆောင်နေတဲ့ စီမံကိန်းပဲဖြစ်တယ် ဆိုတာ ဒီလ လစဉ်ထုတ်အချက်အလက်တွေက မီးမောင်းထိုးပြနေပါတယ်။ အဲဒီအပြင် အကျဉ်းထောင်တွေအတွင်းက နိုင်ငံရေးအကျဉ်းသား သေဆုံးခြင်းဆိုတာ စစ်အုပ်စုရဲ့တိတ်တဆိတ် လူသတ်နည်းပြယုဂ်ပါ။ ထိုနည်းတူဒေါ်အောင်ဆန်းစုကြည် ဘယ်မှာရှိနေတယ်၊ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိနေတယ် ဆိုတာကို တရားဝင်ဖော်ထုတ်မပြရဲတာဟာလည်း စစ်အုပ်စုရဲ့ ပွင့်လင်းမြင်သာမှုမရှိခြင်းနဲ့ သူရဲဘောကြောင်မှုပဲ ဖြစ်ပါတယ်။” ဦးဘိုကြည်၊ တွဲဖက်အတွင်းရေးမှူး (အေအေပီပီ)
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)



