စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဇူလိုင် ၂၃ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇူလိုင် ၂၃ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရ သည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၂၀၀) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၅၆၃) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၅၉၄) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၉၂၄) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၂၃ ရက်နေ့အထိ တနင်္သာရီတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၁) ဦးနှင့် အမျိုးသား (၁၇) ဦး၊ စုစုပေါင်း (၂၈) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီး ထိုအထဲတွင် အသက် ၁၈ နှစ်အောက်ကလေး (၂) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် (၁၆) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး (၆) ဦးမှာ စစ်အုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်မှု ကြောင့် ဒုတိယအများဆုံးသေဆုံးခဲ့သည်။ အဆိုပါကာလအတွင်း ၎င်းဒေသ၌ အတည်ပြုရန် လိုအပ်နေဆဲ သေဆုံး အရပ်သား (၃၅) ဦး ၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ဇူလိုင်လ ၉ ရက်နေ့တွင် ထားဝယ်ဒေသအတွင်းပညာရေးနှင့် စစ်ဘေး‌ရှောင်တို့၏အရေးကို တက်ကြွစွာပါဝင်ဆောင်ရွက်နေကြသည့် The Ants Humanitarian Aids Team အဖွဲ့မှ အဖွဲ့ခေါင်းဆောင် အောင်ဇော်ဖြိုး (ခ) အသာ၊ အဖွဲ့ဝင် အောင်မြတ်သူ (ခ) သားငယ်နှင့် ဘဏ္ဍရေးတာဝန်ခံ ဝေယံအောင် (ခ) Leon တို့သုံးဦးသည် ထားဝယ်အထူးစီးပွားရေးဇုန်အနီးဝန်းကျင်ရှိ ကျေးရွာများအတွင်းသို့ အင်အား အလုံးအရင်းဖြင့်ဝင်ရောက်လာသောအကြမ်းဖက်စစ်အုပ်စု၏စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ပြီးနောက် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဇူလိုင်လ ၂၀ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ညှဉ်းပန်းနှိပ်စက်ခံထားရပြီး သေဆုံးနေသော ၎င်းတို့သုံးဦး၏‌ ရုပ်အလောင်းများကို ဧကနိကျေးရွာအနီး၌ ဒေသခံများကတွေ့ရှိခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩