စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဇူလိုင် ၈ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇူလိုင် ၈ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရ သည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၁၅၀) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၃၆၉) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၄၃၀) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၉၁၅) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ မကွေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၄) ဦးနှင့် အမျိုးသား (၃၄) ဦး၊ စုစုပေါင်း (၅၈) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီး ထိုအထဲတွင် အသက် ၁၈ နှစ်အောက်ကလေး (၁၂) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် (၃၂) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့သည်။ အဆိုပါကာလအတွင်း ၎င်းဒေသ၌ အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၁၀၁) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ဇွန်လ ၂၅ ရက်နေ့တွင် မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကြီးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဂျက်ဖိုက်တာများဖြင့် ဗုံးများကြဲချတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံရွာသား ငါးဦးတို့သည် ဗုံးစထိမှန်၍ သေဆုံးခဲ့သည်။ သေဆုံးခဲ့သူများမှာ ကိုချစ်ဦး၊ ဒေါ်ရီ တို့အပါအဝင် မသန်းသန်းမော်နှင့် ၎င်း၏ ၁၈ နှစ်အောက်သားများဖြစ်ကြသော မောင်အောင်ဘုန်းခန့်နှင့် မောင်ညီဘုန်းခန့်တို့ဖြစ်ကြသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩