စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဇူလိုင် ၆ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇူလိုင် ၆ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရ သည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၁၄၈) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၃၁၅) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၄၀၁) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၉၀၁) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုသည် လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သည့်ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို နေ့စဉ်ရက်ဆက်ကျူးလွန်လျက်ရှိရာ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို စစ်ကြောင်းထိုးခြင်း၊ မီးရှို့ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်းများအပြင် ပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့ကို လည်း ဆိုးရွားစွာ ကျူးလွန်လျက်ရှိသည်။
ဇူလိုင်လ ပထမအပတ်အတွင်း မကွေးတိုင်း၊ ချောက်မြို့နယ်နှင့် ပေါက်မြို့နယ်တို့တွင် အကြမ်းဖက်စစ်အုပ်စု ၏ စစ်ကြောင်းထိုးမှုများကြောင့် ကျေးရွာ နှစ်ဆယ်ကျော်မှ အရပ်သား နှစ်သောင်းနီးပါးသည် နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများလည်း အရေးပေါ် လိုအပ်လျက်ရှိသည်။
ဇူလိုင်လ ၁ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာမှ ဒေသခံအရပ်သား တဦးကို ပစ်သတ်ခဲ့သည့်အပြင် ဒေသခံသုံးဦးကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ သည်။ ဇူလိုင်လ ၂ ရက်နေ့ကလည်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အိုးပုံတောကျေးရွာကို လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား လေးဦး အသက်ဆုံးရှုံးခဲ့ရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

