စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – မေ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မေ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရ သည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၀၅၈) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၀၄၀) ဦးရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၂၅၆) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၈၁) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံတဝန်းရှိ အကျဉ်းထောင်များတွင် အကျဉ်းသားများ၏ အခြေခံလူ့အခွင့်အရေးများ ချိုးဖောက်ခံနေရမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။ အကျဉ်းသားများသည် လုံလောက်သည့် အစားအသောက်၊ သန့်ရှင်းသော သောက်သုံးရေနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို မရရှိကြသည့်အပြင် အကျဉ်းထောင်အာဏာပိုင်များ၏ ဖိနှိပ်ဆက်ဆံမှုများကိုလည်း ရင်ဆိုင်နေရကြောင်း သိရှိရသည်။ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် အကျဉ်းသားများအား အာဟာရပြည့်ဝသည့် အစားအသောက်များ လုံလောက်စွာ မကျွေးမွေးနိုင်ခြင်း၊ အကျဉ်းခန်းများအတွင်း လူဦးရေ အလွန်အကျွံ ပြွတ်သိပ်နေထိုင်စေခြင်းတို့ကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ပိုမိုဆိုးရွားလာလျက်ရှိသည်။ အထူးသဖြင့် အရေပြားရောဂါများ ဖြစ်ပွားနေသော်လည်း လုံလောက်သည့် ဆေးဝါးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိဘဲ ပစ်ပယ်ထားခံနေရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ထို့ပြင် စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် နည်းလမ်းမျိုးစုံသုံးကာ သတ်ဖြတ်ခြင်းများ ဆက်တိုက် လုပ်ဆောင်လျက်ရှိရာ မေလ ၁၈ ရက်နေ့က မကွေးတိုင်း၊ ဆောမြို့နယ်၊ တပြင်းကျေးရွာကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ကျေးရွာအတွင်း၌ ထွက်မပြေးနိုင်ဘဲကျန်ရစ်ခဲ့သည့် စိတ်ကျန်းမာရေးကောင်းမွန်ခြင်းမရှိသော အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ခဲ့သည်။ အလားတူ မေလ ၂၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာစဉ်ကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ လေးဦးသေဆုံးခဲ့ပြီး နေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့သလို၊ ထိုနေ့တွင်ပင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ဥတ္တူကျေးရွာကို လေကြောင်းမှတိုက်ခိုက်ခဲ့သဖြင့် အသက် ၁၈ နှစ်အောက်ကလေးနှစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်း မြေပြင်သတင်းများကဆိုသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩