စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – မတ် ၃၀ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မတ် ၃၀ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၉၅၂) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၇၀၇) ဦးရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၄၀၁) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၈၆) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုမှာ ပိုမိုဆိုးဝါးလာလျက်ရှိရာ အေအေပီပီ၏ စောင့်ကြည့်လေ့လာမှုအရ ၂၀၂၆ ခုနှစ်၊ မတ်လ လေးပတ်တာကာလအတွင်း အရပ်သား (၃၂၇) ဦး သေဆုံးခဲ့သည်။ မတ်လ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ သောင်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ခြောက်ဦး သေဆုံးခဲ့သလို၊ မတ်လ ၂၅ ရက်နေ့ကလည်း ကောလင်းမြို့နယ်၊ ဖလဲကျေးရွာကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် ပြည်သူ ငါးဦး သေဆုံးခဲ့သည်။
ထို့အပြင် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားနေအိမ်များနှင့် ဆေးရုံ၊ ဆေးခန်းများကိုလည်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ကာ မတ်လ ၂၃ ရက်နေ့က မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မင်းတည်းကျေးရွာကို စစ်အုပ်စုက စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရှုံးခဲ့ပြီး၊ မတ်လ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ငပုရင်းကျေးရွာရှိ ဆေးရုံကို လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် လူနာ အမျိုးသမီး သုံးဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

