စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – မတ် ၂၀ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မတ် ၂၀ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၉၃၈) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၆၆၇) ဦးရှိပြီး ထိုအထဲမှ (၂၂၃၅၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၂၂၆) ဦးမှာ ထောင်ဒဏ် ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက် အလက်များအရ ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပဲခူးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၈) ဦးနှင့် အမျိုးသား (၁၆) ဦး စုစုပေါင်း (၄၄) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် နှစ်နှစ်အရွယ်ယောက်ျားလေး နှစ်ဦးအပါအဝင် အသက် ၁၈ နှစ်အောက် ကလေး (၂၁) ဦး ပါဝင်သည်။ သေဆုံးသူများအနက် (၃၃) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့သည်။ ၎င်းဒေသ၌ အဆိုပါကာလအတွင်း အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၁) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
မတ်လ ၁၃ ရက်နေ့၊ ည ၉ နာရီဝန်းကျင်တွင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိကျေးရွာများကို ပဲနွယ်ကုန်းမြို့၊ ရွှေဝါကျေးရွာ၌ အခြေစိုက်သောခြေမြန်တပ်ရင်း အမှတ်(၃၀၇)မှ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သဲဖြူရွာသစ်ကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သောကြောင့် မိသားစုဝင်လေးဦးဖြစ်ကြသည့် ဦးဝင်းဇော်၊ သူ၏ဇနီး မမာလာဝင်းနှင့် ၎င်းတို့၏ကလေးများဖြစ်ကြသော မောင်မြတ်မင်းသူနှင့် မနိုင်နိုင်မော်တို့ သေဆုံးခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

