စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း  သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၇၄၇) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၃၉၇) ဦးရှိပြီး ထိုအထဲမှ (၂၂၇၉၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၅၂၂) ဦးမှာ ထောင်ဒဏ် ချမှတ် ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးပြီးနောက် နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်ခံရသူ အမျိုးသမီး (၃၈) ဦးနှင့် အမျိုးသား (၁၉၅) ဦး စုစုပေါင်း (၂၃၃) ဦး ရှိခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင်  ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် ရုပ်အလောင်း မီးရှို့ခံရသူ (၉) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် မန္တလေးတိုင်းတွင် (၇၁) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး မကွေးတိုင်းတွင် (၆၆) ဦးဖြင့် ဒုတိယအများဆုံးသေဆုံးခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ စမ်းကုန်းကျေးရွာတွင်နေထိုင် သည့် ဖခင်ဖြစ်သူ ဦးစံမောင်နှင့် သားဖြစ်သူ ကိုနိုင်လင်းမောင်တို့နှစ်ဦးသည် ကျေးရွာအတွင်းရှိ မင်္ဂလာဆောင်သို့သွားရောက်စဉ် ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက်စစ်အုပ်စု၏စစ်ကြောင်းနှင့် တွေ့ဆုံခဲ့သဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့နောက် စစ်အုပ်စုက ၎င်းတို့နှစ်ဦးအား ထန်းတောရှိ တဲတလုံးအတွင်းသို့ ခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခဲ့ကာ ရုပ်အလောင်းများအား မီးရှို့ခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် :  https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် :  https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် –     https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org 

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)