စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၇၃၈) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၃၇၁) ဦးရှိပြီး ထိုအထဲမှ (၂၂၇၇၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၅၁၁) ဦးမှာ ထောင်ဒဏ် ချမှတ် ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို လက်လှမ်းမီသမျှ စောင့်ကြည့်လေ့လာခဲ့ရာ အရပ်သားပြည်သူများအား လက်နက်ကြီးဖြင့်ပစ်ခတ်မှု၊ လေကြောင်းသုံးတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၁၄၇) ဦးဝန်းကျင် သေဆုံးခဲ့သည်ကို တွေ့ရှိရသည်။ ဇန်နဝါရီ ၂၆ ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကလေးအပါအဝင် စုစုပေါင်း ပြည်သူ သုံးဦး ထိခိုက်သေဆုံးခဲ့သည်။ ဇန်နဝါရီ ၂၉ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ လေဘိုကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် ကလေးအပါအဝင် ပြည်သူ ရှစ်ဦး သေဆုံးခဲ့သည်။
ထို့ပြင် စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်မှု လုပ်ဆောင်လျက်ရှိရာ ဇန်နဝါရီ ၂၈ ရက်နေ့က မကွေးတိုင်း၊ ချောက်မြို့နယ်၊ မကျီးကုန်းကျေးရွာကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရှုံးခဲ့သလို၊ ဇန်နဝါရီ ၂၉ ရက်နေ့က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဖိုးဝသိမ်ကျေးရွာရှိ စာသင်ကျောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းဆောင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း မြေပြင်သတင်းအရ သိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

