စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း  သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၇၂၉) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၃၃၄) ဦးရှိပြီး ထိုအထဲမှ (၂၂၇၅၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၄၉၄) ဦးမှာ ထောင်ဒဏ် ချမှတ် ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၉) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ အောက် မိန်းကလေး (၄) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် စစ်ကိုင်းတိုင်းမှာ (၁၁) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး ကချင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် (၈) ဦးစီဖြင့် သေဆုံးခဲ့သည်။ သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် (၃၀) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့သည်။ 

ဇန်နဝါရီလ ၂၂ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ကောင်းဂျာကျေးရွာ၊ အမှတ် (၃) ရပ်ကွက်ရှိ နာရေးအိမ်ပေါ်သို့ ကျရောက်ခဲ့သောကြောင့် အမျိုးသမီး ၈ ဦးအပါအဝင် ဒေသခံပြည်သူ စုစုပေါင်း (၂၂) ဦးထက်မနည်း သေဆုံးခဲ့ပြီး ပြည်သူအများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် :  https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် :  https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် –     https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org 

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)