စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဒီဇင်ဘာ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   ဒီဇင်ဘာ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း  သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၆၂၅) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၁၆၉) ဦးရှိပြီး ထိုအထဲမှ (၂၂၆၆၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၄၁၆) ဦးမှာ ထောင်ဒဏ် ချမှတ် ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) အနေဖြင့် အကျဉ်းထောင်အခြေအနေများကို စောင့်ကြည့်လျက်ရှိရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်ရှိ မော်လမြိုင်အကျဉ်းထောင်မှ အကျဉ်းသားများကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှစ၍ ဘားအံအကျဉ်းထောင်၊ ကျိုက်မရောအကျဉ်းထောင်နှင့် အသစ်ဆောက်လုပ်ထားသည့် မော်လမြိုင်မြို့နယ်၊ မင်းရွာကျေးရွာရှိ မော်လမြိုင်အကျဉ်းထောင်အသစ်သို့ ပြောင်းရွှေ့နေကြောင်း သိရှိရသည်။

အရပ်သားများမှာ စစ်အုပ်စု၏ ပစ်မှတ်ထားတိုက်ခိုက်ခံနေရမှုကြောင့် နေ့စဉ်နှင့်အမျှ သေဆုံးလျက် ရှိနေသလို၊ ကိုယ်ပိုင်ပစ္စည်းဥစ္စာများလည်း ဖျက်ဆီးခံရလျက်ရှိနေသည်။ ဒီဇင်ဘာလ၊ ၁၆ရက်နေ့နှင့် ၁၇ ရက်နေ့တွင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ကျေးရွာများသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ လေးဦးသေဆုံးခဲ့ကာ၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အမှတ် (၃) လမ်းမကြီးတွင် အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၆) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားတဦး သေဆုံးခဲ့သည်။ ထို့အပြင်စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျေးရွာခြောက်ရွာရှိ နေအိမ်များကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့ထိ လေးရက်ဆက်တိုက် လေကြောင်းဖြင့်တိုက်ခိုက်ခြင်းနှင့် စစ်ကြောင်းထိုးကာမီးရှို့ခဲ့ခြင်းများ ပြုလုပ်ခဲ့သဖြင့် လူနေအိမ် ၂၀၀ ကျော်ထက်မနည်း မီးလောင်ဆုံးရှုံးပြီး၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်လည်း မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်အစပ်ရှိ ဇောင်ဂျမ်းကုန်းရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် လူနေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း မြေပြင်အချက်အလက်များက ဆိုထားသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် –        https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)