စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

 

 

ရက်စွဲ – ဒီဇင်ဘာ ၈ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   ဒီဇင်ဘာ ၈ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း  သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၅၃၉) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၀၉၁) ဦးရှိပြီး ထိုအထဲမှ (၂၂၆၈၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၄၁၅) ဦးမှာ ထောင်ဒဏ် ချမှတ် ခံထားရသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ အတည်ပြုနိုင်သော သတင်းအချက်အလက်များအရ ယနေ့အထိ ရွေးကောက်ပွဲဥပဒေဖြင့် နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူ (၁၂၀) ဦး ရှိပြီး ထိုအရေအတွက်တွင် အမည်စာရင်းအတည်ပြုနေဆဲ (၈၄) ဦးပါဝင်သည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

ဒီဇင်ဘာပထမအပတ်အတွင်း အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို လက်လှမ်းမီသမျှ စောင့်ကြည့်လေ့လာခဲ့ရာ အရပ်သားပြည်သူများအား လက်နက်ကြီးဖြင့်ပစ်ခတ်မှု၊ စစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်မှုနှင့် လေကြောင်းသုံးတိုက်ခိုက်မှုများကြောင့် (၅၃) ဦးဝန်းကျင် သေဆုံးခဲ့သည်ကို တွေ့ရှိရသည်။ ဒီဇင်ဘာ ၅ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာကို စစ်အုပ်စုက လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ကလေးများအပါအဝင် ပြည်သူ ၂၀ ဦးဝန်းကျင် သေဆုံးခဲ့ပြီး ပြည်သူ ၃၀ ကျော် ပြင်းထန်ဒဏ်ရာရခဲ့သည်။ ဒီဇင်ဘာ ၆ ရက်နေ့တွင်လည်း ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ မြစ်ဆုံကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦများကို နည်းမျိုးစုံသုံးကာ ဦးတည်တိုက်ခိုက်မှုကြောင့် လူနေအိမ်များ၊ ဘာသာရေးအဆောင်အဦများ ထိခိုက်ပျက်စီးခဲ့သည်။ ဒီဇင်ဘာ ၂ ရက်နေ့က မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ပဲခင်းကျော်ကျေးရွာသို့ စစ်အုပ်စုက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သောကြောင့် လူနေအိမ် ၇၀ နီးပါး မီးလောင်ပျက်စီးသလို၊ ဒီဇင်ဘာ ၅ ရက်နေ့တွင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ လဲခုံကြီးကျေးရွာရှိ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့ သောကြောင့် ဘုန်းကြီးကျောင်းဆောင်များအားလုံး ထိခိုက်ပျက်စီးခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် –        https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)