စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – အောက်တိုဘာ ၇ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ အောက်တိုဘာ ၇ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၃၂၈) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၇၈၈) ဦးရှိပြီး ထိုအထဲမှ (၂၂၄၈၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၁၅၈)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
အေအေပီပီ၏ မှတ်တမ်းနှင့်သုတေသနဌာနမှ အကျဉ်းထောင်နှင့်ပတ်သက်၍ လေ့လာစောင့်ကြည့်မှု အရ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှု၌ ပါဝင်ခဲ့သည့်အတွက် ၂၀၂၁ ခုနှစ်၊ မေလအတွင်းက ဖမ်းဆီးခံခဲ့ရပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က အပြင် ဖောက်ခွဲရေး ပြစ်မှုပုဒ်မများဖြင့် တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်၌ ထောင်ဒဏ် (၈) နှစ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ဦးအောင်ကိုဦးသည် နှလုံးဖောက်ပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃ ရက် ညပိုင်းတွင် သေဆုံးခဲ့သည်ဟု သိရှိရသည်။
အောက်တိုဘာပထမအပတ်အတွင်း အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို လက်လှမ်းမီသမျှ စောင့်ကြည့်လေ့လာခဲ့ရာ အရပ်သားပြည်သူများအား လက်နက်ကြီးဖြင့်ပစ်ခတ်မှု၊ စစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်မှုနှင့် လေကြောင်းသုံးတိုက်ခိုက်မှုများကြောင့် (၅၀) ဦးဝန်းကျင် သေဆုံးခဲ့သည်ကို တွေ့ရှိရသည်။ အောက်တိုဘာလ ၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ကို လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အောင်မြေချမ်းမြေ့ကျောင်းဝင်းအတွင်းသို့ လက်နက်ကျရောက်ပေါက် ကွဲပြီး ကိုရင်လေးပါး ပျံလွန်တော်မူခဲ့သလို၊ ဝက်လက်မြို့နယ်၊ တမာကန်ကျေးရွာတွင်လည်း စစ်ကြောင်းထိုးဝင်ရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် မသန်စွမ်းအမျိုးသားတဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့သည်။ အောက်တိုဘာလ ၄ ရက်နေ့တွင် ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်ကို လေယာဉ်ဖြင့် ဗုံးကြဲချမှုကြောင့် ကလေးနှစ်ဦး သေဆုံးခဲ့သလို၊ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့ည၌ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ဗုံတိုကျေးရွာကို စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်များအပါအဝင် ၂၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း ကနဦးသိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

