စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဇွန်လ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ဇွန်လ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၈၃၃) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၃၃၈) ဦးရှိပြီး ထိုအထဲမှ (၂၂၁၈၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၈၈၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၂၇ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီးနောက် သေဆုံးသူ အမျိုးသမီး (၁၇) ဦးနှင့် အမျိုးသား (၈၈) ဦး စုစုပေါင်း (၁၀၅) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၅) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် မကွေးတိုင်းတွင် (၄၂) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် (၂၇) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်သည်။

ဇွန်လ ၂၃ ရက်နေ့မှစတင်၍ အကြမ်းဖက်စစ်အုပ်စုနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဇီးကုန်း၊ သပြေသာ၊ ဖိုလ်ကုန်းနှင့် ကျောင်းကုန်းကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး ဒေသခံအမျိုးသား ကိုးဦးကို ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့သည်။ သတ်ဖြတ်ခံရသူများမှာ သပြေသာကျေးရွာမှာ ဦးလှိုင်းဇာဇာ၊ ကိုအောင်နိုင်၊ ကိုတရုတ်ကြီး၊ ကိုမျိုးထက်တို့အပြင် ဖိုလ်ကုန်းကျေးရွာမှ ဦးဝင်း၊ ဦးချစ်ဝင်းနှင့် ကျောင်းကုန်းကျေးရွာမှ ကိုသိန်းတိုး၊ ကိုမြင့်မောင်၊ ကိုမျိုးဆန်းတို့ ဖြစ်ကြသည်။ ထိုကိုးဦးအနက်မှ ဦးလှိုင်းဇာဇာသည် မသန်စွမ်းသူတဦးဖြစ်သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)