စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

 

ရက်စွဲ – ဇွန်လ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ဇွန်လ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၈၀၇) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၂၈၃) ဦးရှိပြီး ထိုအထဲမှ (၂၂၁၃၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၈၄၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

ပြီးခဲ့သည့်သီတင်းတပတ်အတွင်း စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှ  နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၂၀၀ ဝန်းကျင်ကို မန္တလေးတိုင်း၊ မန္တလေး (အိုးဘို) အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ပါ ပါဝင်ခဲ့သည်။ ထောင်ပြောင်းခံရသူများအား ထောင်ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဥ်းသား အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသော်လည်း ထောင်အာဏာပိုင်များမှ ဆေးဝါးကုသမှု မပေးကြောင်း သိရှိရသည်။ 

အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအား ထိုကဲ့သို့ လူမဆန်ရက်စက်မှုများကို ကျူးလွန်နေသကဲ့သို့ မြို့ရွာအသီးသီး၌လည်း အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်လျက်ရှိပြီး ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ မြို့နယ်များ၌ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့သည်။ ဇွန်လ ၁၂ ရက်နေ့က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘော်ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ်တလုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါနေအိမ်ရှိ မိသားစုဝင်သုံးဦးအပါအဝင် ၆ ဦး သေဆုံးခဲ့သည်။ အလားတူ ဇွန်လ ၁၄ ရက်နေ့က ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ရှိ သတိပဋ္ဌာန်ရပ်ကွက်ကို စစ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကလေးအပါအဝင် အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး ထိုနေ့တွင်ပင် ၎င်းမြို့နယ်ရှိ နွားရေးချောင်းကျေးရွာကို လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်ခဲ့သောကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့သည်။ 

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)