စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – မေလ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မေလ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၆၆၂) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၁၄၂) ဦးရှိပြီး ထိုအထဲမှ (၂၂၁၇၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၇၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၁၃ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် သေဆုံးသူ မိန်းကလေး (၅၃) ဦးနှင့် ယောက်ျားလေး (၅၂) ဦး စုစုပေါင်း (၁၀၅) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့သည်။ သေဆုံးသူများအနက် စစ်ကိုင်းတိုင်းမှာ (၃၄) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး မကွေးတိုင်းမှာ (၂၁) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်သည်။ သေဆုံးရသည့်အကြောင်းအရင်းအနေဖြင့် (၈၉) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့သည်။
မေလ ၁၂ရက်နေ့၊ နံနက် ၉နာရီ ၃၀မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများစာသင်ကြားနေသည့် ကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စု၏ လေတပ်က လေကြောင်းမှဖျက်အားပြင်း ဗုံးများကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကျောင်းဆရာမ နှစ်ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀) ဦး၊ စုစုပေါင်း (၂၂) ဦးတို့မှာ ဗုံးစထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

