စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – မေလ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  မေလ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၆၂၄) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၁၃၇) ဦးရှိပြီး ထိုအထဲမှ (၂၂၁၈၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၈၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုက အပစ်ရပ်ကာလကို မေလကုန်အထိ ထပ်မံတိုးမြှင့်ထားသော်လည်း နေ့စဉ်ရက်ဆက် လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ မေလ ၈ ရက်နေ့က ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာအား လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ်တဦးအပါအဝင် ဒေသခံ ၄ ဦးသေဆုံးခဲ့သည်။ ထိုနေ့တွင်ပင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းကို လေကြောင်းမှ ဗုံးနှစ်ကြိမ်ကြဲချခဲ့ရာ စစ်ဘေးရှောင် ၁၅ ဦးခန့် သေဆုံးခဲ့ပြီး ၃၀ ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။ မေလ ၉ ရက်နေ့တွင်လည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့‌နယ်၊ လှိုင်ကွယ်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ဆရာတော်တပါး ကျည်စထိမှန်၍ ပျံလွန်တော်မူခဲ့သည်။

ထို့ပြင် မေလ ၁၀ ရက်နေ့ တရက်တည်းမှာပင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နှင့် ဝက်လက်မြို့နယ်တို့ကို လည်းကောင်း၊ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့ကိုလည်းကောင်း၊ ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်ကိုလည်းကောင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ၂၀ ဦးကျော် သေဆုံးခဲ့သည်။ 

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)