စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – မေလ ၈ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  မေလ ၈ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၆၁၉) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၁၂၇) ဦးရှိပြီး ထိုအထဲမှ (၂၂၁၉၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၈၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၈ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုမှ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ၎င်းတို့၏တရားဝင်ထိန်းသိမ်းရေးစခန်းများဖြစ်သော စစ်ကြောရေးတွင် သေဆုံးသူ အမျိုးသား (၄) ဦး၊ ရဲစခန်း၌ သေဆုံးသူ အမျိုးသား (၃) ဦးနှင့် အကျဉ်းထောင်များ၌ သေဆုံးသူ အမျိုးသမီး (၉) ဦးနှင့် အမျိုးသား (၇) ဦး၊ စုစုပေါင်း (၂၃) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်။

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ မန္တလေး(အိုးဘို)အကျဉ်းထောင်၌ ထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသား မြင့်မြင့်သန်းသည် အဆုတ်ရောဂါခံစားနေခဲ့ရပြီး အကျဉ်းထောင်အတွင်း၌လည်း လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့သဖြင့် ရောဂါမှာ ပိုမိုဆိုးရွားလာခဲ့ကာ ၂၀၂၅ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် ထိုနေ့တွင်ပင် သေဆုံးခဲ့သည်။ မြင့်မြင့်သန်းသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားစွဲဆိုခံခဲ့ရကာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ရက်နေ့တွင် ထောင်ဒဏ် ၅နှစ် ချမှတ်ခြင်းခံထားရသူဖြစ်သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)