စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – မေလ ၆ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  မေလ ၆ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၆၁၅) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၁၁၆) ဦးရှိပြီး ထိုအထဲမှ (၂၂၁၉၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၉၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ  အမျိုးသမီး (၁၅) ဦးနှင့် အမျိုးသား (၅၆) ဦး စုစုပေါင်း (၇၁) ဦး သေဆုံးခဲ့သည်ကို အမည်နှင့် တကွအတည်ပြုနိုင်ခဲ့ပြီး ထိုအထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ်  (၁) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် မကွေးတိုင်းတွင် (၂၉) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် (၁၆) ဦးဖြင့် ဒုတိယအများဆုံးသေဆုံးခဲ့ပါသည်။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ရှိ ကသာအကျဉ်းထောင်၌ ထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသား ဟိန်းမင်းသူ (ခ) အာနိုးသည် အကျဉ်းထောင်အတွင်း၌ အတက်ရောဂါကို ခံစားခဲ့ရပြီး လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့သဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် သတိလစ်မေ့မြောခဲ့သည်။ ထိုသို့မေ့မြောနေချိန်၌ ထောင်ပြင်ပရှိဆေးရုံသို့ ပို့ဆောင်ကုသခဲ့သော်လည်း ထိုနေ့တွင်ပင် သေဆုံးခဲ့သည်။ ဟိန်းမင်းသူ (ခ) အာနိုးသည် CDM ၌ ပါဝင်သော ကျောင်းဆရာတဦးဖြစ်ပြီး တော်လှန်ရေးလုပ်ငန်းစဉ် များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သည်ဟု အကြမ်းဖက်စစ်အုပ်စုက စွပ်စွဲ၍ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့နောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)၊ ၅၂ (ခ)တို့ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ရက်နေ့တွင် စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခြင်းခံခဲ့ရသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)