စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဧပြီလ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဧပြီလ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၅၇၄) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၀၈၃) ဦးရှိပြီး ထိုအထဲမှ (၂၂၁၈၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၇၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်းက လားရှိုးမြို့အတွင်းသို့ စစ်အုပ်စုက အုပ်ချုပ်မှုပြန်လည်ဝင်ရောက် လာသည့်အတွက် မြို့ခံများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ လုံခြုံရေးအခြေအနေမှာ စိုးရိမ် ရလျက်ရှိနေသည်။ တပြိုင်နက်တည်းမှာပင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတဝန်းအပစ်ရပ်ကာလကို ထပ်မံတိုးမြင့်ထားသည်ဟု ကြေညာထားသော်လည်း တိုင်းနှင့်ပြည်နယ်တချို့တွင် လက်နက်ကြီး၊ လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည့်အပြင် မြေပြင်မှ စစ်ကြောင်းထိုးဝင်ရောက်မှုများ လုပ်ဆောင်လျက်ရှိရာ ဧပြီလ ၂၁ ရက်နေ့က မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ အိမ်ခြေနှစ်ရာကျော်ရှိသော ဗလဘကျေးရွာကို ဝင်ရောက်စီးနင်းပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့သည်။ ထို့ပြင် ဧပြီလ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲခဲ့သောကြောင့် ကလေးတဦးအပါအဝင် အမျိုးသမီး ၃ ဦးသေဆုံးခဲ့သည်။
ထို့ပြင် ဧပြီလ ၂၆ ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာကို စစ်အုပ်စုက လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးကျောင်းတကျောင်းနှင့် နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သည်။ အဆိုပါနေ့တွင်ပင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နှင့် ထီးချိုင့်မြို့နယ်တို့ကိုလည်းကောင်း၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ကိုလည်းကောင်း၊ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကိုလည်းကောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၁၀ ဦးဝန်းကျင် သေဆုံးခဲ့သည်ဟု သိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

