စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – မေလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ မေလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၅၀၁၂) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန် လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၇၅၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစု ထားသည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၆၆၇) ဦးရှိပြီး ထိုအထဲမှ (၂၀၄၄၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၉၈၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
မေလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၃) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၆) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၆၂၂၁) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
ရက်စက်ဆိုးရွားလှသော ကျူးလွန်မှုများအတွက် ပြစ်ဒဏ်မှကင်းလွတ်ခွင့်ရနေဆဲဖြစ်သည့် အကြမ်းဖက်စစ်အပ်စုသည် အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ဆက်လက်ကျူးလွန်နေဆဲဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ မေလ ၉ ရက်နေ့တွင် မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့၊ အကြည်ပန်းပလွန်းကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၁၅ ဦးဝန်းကျင် သေဆုံးခဲ့သည့်အပြင်၊ မေ ၁၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဘုန်းကြီးကျောင်း၌ ပုန်းနေသည့် အသက် ၁၈ နှစ်အောက် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၃၀ ဦးကျော်ကို သတ်ဖြတ် ခဲ့သည်။
အလားတူပင် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် အရပ်သားပြည်သူလူထုအား စစ်အုပ်စုက မတရားဖမ်းဆီးပြီးနောက် အကျဉ်းသားအခွင့်အရေးများကို လုံလောက်ပြည့်မှီစွာ ခံစားခွင့်မပေးဘဲ ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ညှဉ်းဆဲလျက် ရှိရာ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်၌ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုလင်းလင်းထွန်းသည် စစ်ကြောရေးမှရရှိသော နှိပ်စက်ဒဏ်ရာများကို အချိန်နှင့်တပြေးညီ လုံလောက်စွာ ဆေးဝါး စောင့်ရှောက်မှု မရရှိခဲ့သဖြင့် မေလ ၈ ရက်နေ့တွင် သေဆုံးခဲ့သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် အဆိုပါကာလအတွင်း စစ်အုပ်စု၏ လက်ချက်ဖြင့် ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက ဖော်ပြပါ doc_data_team@aappb.org အီးမေးလ်သို့ တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
“အရေးတော်ပုံအောင်ရမည်”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း