စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဇွန် ၂၄ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇွန် ၂၄ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရ သည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၁၂၂) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၂၃၆) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၃၅၅) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၈၄) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များ အရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရသည့် အမျိုးသမီး (၂၀) ဦးနှင့် အမျိုးသား (၃၆) ဦး၊ စုစုပေါင်း (၅၆) ဦး ရှိခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေး (၁၇) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် ပဲခူးတိုင်းတွင် (၃၃) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး မကွေးတိုင်းတွင် (၁၀) ဦးဖြင့် ဒုတိယအများဆုံး သေဆုံးခဲ့သည်။

ဇွန်လ ၁၅ ရက်နေ့မှစတင်၍ မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်အုပ်စု၏လက်အောက်ခံ မိတ္ထီလာမြို့အခြေစိုက် အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ်နှင့် ပခုက္ကူမြို့အခြေစိုက် အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်ပူးပေါင်းအဖွဲ့တို့က နှင်းဆီကန်ကျေးရွာမှ ဦးမြင့်ဦး၊ မြေရင့်ကျေးရွာမှ စိတ်ကျန်းမရေးကောင်းမွန်ခြင်းမရှိသည့် ကိုကျော်လွင်၊ မိတ္ထီလာကျေးရွာမှ ကိုနေဇော်နှင့် ကိုမင်းမင်းဦးတို့ကို ဖမ်းဆီးခဲ့ပြီးနောက် သတ်ဖြတ်ခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩