စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဧပြီ ၆ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဧပြီ ၆ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံး ခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၉၆၆) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၈၀၀) ဦးရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၃၅၂) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၈၃) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။
စစ်အုပ်စုက အရပ်သားပြည်သူများနှင့် စစ်ရေးပစ်မှတ်မဟုတ်သည့်အဆောက်အဦများကို အကြမ်းဖက်တိုက်ခိုက်မှုများ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်လျက်ရှိရာ ဧပြီလ ၁ ရက်နေ့က ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးနှစ်ယောက်အပါအဝင် မိသားစုဝင် လေးဦး သေဆုံးခဲ့သလို၊ ဧပြီလ ၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်သာကျေးရွာကို ဗုံးကြဲခဲ့သောကြောင့် ဆေးရုံအဆောက်အဦများနှင့် လူနေအိမ်တချို့ ပျက်စီးဆုံးရှုံးခဲ့သည်။ ထိုနေ့တွင်ပင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဖက်ပင်အိုင်ကျေးရွာကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးသောကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ပြီး လက်နက်ငယ်များ၊ ဒရုန်းများဖြင့် ထပ်မံတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိကြောင်း မြေပြင်သတင်းများအရ သိရသည်။
ထို့ပြင် ဧပြီလ ၃ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေကျေးရွာရှိ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကျောင်းဆောင်တခုလုံး မီးလောင်ပျက်စီးခဲ့သလို၊ ဧပြီလ ၄ ရက်နေ့က မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ချောင်းရှည်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူနှစ်ဦးသေဆုံးခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

